ပရိသတ်စိတ်ဝင်စားမှု များပြားခဲ့သော်လည်း အကယ်ဒမီနှင့် လွဲချော်ခဲ့ရသည့် ‘ည’ ရုပ်ရှင်ဇာတ်ကားအား ဒုတိယအကြိမ် ထပ်မံရုံတင်ရန် စီစဉ်

ပရိသတ်စိတ်ဝင်စားမှု များပြားခဲ့သော်လည်း အကယ်ဒမီနှင့် လွဲချော်ခဲ့ရသည့် ‘ည’ ရုပ်ရှင်ဇာတ်ကားအား ဒုတိယအကြိမ် ထပ်မံရုံတင်ရန် စီစဉ်
Published 9 April 2018

ပရိသတ်စိတ်ဝင်စားမှု များပြားခဲ့သော်လည်း အကယ်ဒမီနှင့်လွဲချော်ခဲ့ရသည့် ‘ည’ ရုပ်ရှင်ဇာတ်ကားအား ဒုတိယအကြိမ်ထပ်မံ ရုံတင်ရန်စီစဉ်ထားကြောင်းသိရသည်။ ယင်းဇာတ်ကားကို JCGV ရုံများက ပြန်လည် ပြသပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ ညဇာတ်ကားကို စပြီး ပြသတဲ့အချိန်မှာ အသစ်တွေရဲ့ဖန်တီးမှုဖြစ်ပေမယ့် ယုံကြည်စွာနဲ့အားပေးခဲ့ကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ အဲဒီလိုအားပေးခဲ့ကြတဲ့ ပရိသတ်တွေကပဲ အကယ်ဒမီအတွက် မျှော်လင့်ပေးခဲ့ကြတယ်။ ကျွန်တော့်အနေနဲ့တော့ အကယ်ဒမီဆိုတာ ကို မက်မောပေမဲ့ ပန်းတိုင်တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်ဇာတ်ကားတွေကို ဖန်တီးတဲ့အခါ အနုပညာ ရသမြောက်စွာနဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးနိုင်ဖို့ပဲ ရည်ရွယ်ပါတယ်။ အခု ည ဇာတ်ကားက လည်း ပရိသတ်တွေ ကျေနပ်စေတဲ့ရသ တစ်ခုကိုရတဲ့အတွက် ကျွန်တော်ကျေနပ်တယ်။ အားပေးတဲ့ပရိသတ်တွေကြောင့် ရှေ့ဆက်လုပ်မယ့် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ခွန်အားတွေဖြစ်စေပါတယ်။ ဒီဇာတ်ကားကို နောက်တစ်ကြိမ်ပြသပေးမယ် ဆိုတာမျိုးသိရတော့ ဝမ်းလည်းသာရသလို ပျော်လည်းပျော်ပါတယ်’’ဟု ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဆိုသည်။

ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးသည့် ‘ည’ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ နက်ရှိုင်းကို၊ ငြိမ်းသော်၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမိုနှင့် မြတ်နိုးအေးတို့ပါဝင်ထားခြင်းဖြစ်သည်။ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး မျက်နှာသစ်လူငယ် သရုပ်ဆောင် ၁၀ ဦးသာ ပါဝင်ထားသည်။

Most Read

Most Recent