ထောင်ဒဏ်ငါးနှစ်ချခံခဲ့ရသည့် ဘောလိဝုဒ်သရုပ်ဆောင် ဆယ်လ်မန်ခန်း အာမခံဖြင့် လွတ်မြောက်

ထောင်ဒဏ်ငါးနှစ်ချခံခဲ့ရသည့် ဘောလိဝုဒ်သရုပ်ဆောင် ဆယ်လ်မန်ခန်း အာမခံဖြင့် လွတ်မြောက်
Published 9 April 2018

ဧပြီ ၇ ရက်တွင် အာမခံဖြင့် လွတ်မြောက်ခဲ့ပြီးနောက် မွမ်ဘိုင်းသို့ပြန်ရန် Jodhpur လေဆိပ်သို့ ဆယ်လ်မန်ခန်း ရောက်ရှိစဉ် (Photo: AP)

ရှားပါးသမင်များကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့သည့် ဘောလိဝုဒ်သရုပ်ဆောင် ဆယ်လ်မန်ခန်းသည် ဧပြီ ၇ ရက်တွင် အာမခံဖြင့် လွတ်မြောက်ခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့်က အမဲလိုက်ခရီးတစ်ခုတွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့် အိန္ဒိယတောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခဲ့မှုအတွက် ဆယ်လ်မန်ခန်းကို အိန္ဒိယ တရားရုံးတစ်ခုက ဧပြီ ၅ ရက်တွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၈ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးစဉ်အတွင်း အမဲလိုက်ခရီးတစ်ခုတွင် ရှားပါးသမင်နှစ်ကောင်ကို ပစ်သတ်ခဲ့ခြင်းမရှိဟု ခန်းက ငြင်းဆိုခဲ့သည်။

ရာဂျာစတန်ပြည်နယ်၏ သစ်တောဌာနသည် ၎င်းကို အမှုဆင်ရန် ကြိုးစားခဲ့သည်ဟု ခန်းက စွပ်စွဲခဲ့သည်။ သမင်များသည် အစားကြူးခြင်းကဲ့သို့သော ဖြစ်ရိုးဖြစ်စဉ် အကြောင်းအရင်းဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသမင်များသည် ပစ်ခတ်ခံရသည်ဆိုသော သက်သေ အထောက်အထားမရှိကြောင်း ခန်း၏ရှေ့နေများက ခုခံပြောကြားခဲ့သည်။

အမဲလိုက်ခရီးတွင် ပါဝင်သည့် ဆာအိအလီခန်း၊ တာဘူ၊ ဆိုနာလီဘန်ဒရီနှင့် Neelam Kothari တို့သည်လည်း ယင်းအမှုအတွက် စွပ်စွဲခံခဲ့ရသော်လည်း သက်သေ အထောက်အထားခိုင်လုံမှု မရှိသဖြင့် တရားသေလွတ်မြောက်ခဲ့သည်။

သရုပ်ဆောင်ကြေးအများဆုံးရ မင်းသားတစ်ဦးဖြစ်သည့် ခန်းကို တရားသူကြီးက ဒေါ်လာ ၁,၅၀၀ (ရူပီး ၁၀၀,၀၀၀) ဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။ ခန်းသည် တရားရုံး ခွင့်ပြုချက်မရဘဲ အိန္ဒိယမှ ထွက်ခွာခွင့်ရမည်မဟုတ်ပေ။ ခန်းသည် အာမခံကြားနာစစ်ဆေးမှုသို့
မတက်ရောက်ခဲ့ပေ။ ခန်းသည် မေ ၇ ရက်တွင် တရားရုံးသို့ ထပ်မံလာရောက်ရမည်ဟု အစိုးရရှေ့နေ Mahipal Bishnoi က ပြောကြားခဲ့ သည်။ တိရစ္ဆာန်အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသည့် PETA အဖွဲ့ကမူ ခန်း အာမခံဖြင့် လွတ်မြောက်ခဲ့မှုအတွက် စိတ်ပျက်ရသည်ဟု ထုတ်ပြန်ခဲ့သည်။

Jodhpur ဗဟိုအကျဉ်းထောင်ဂိတ်မှ ကားဖြင့်ထွက်လာသည့် ဆယ်လ်မန်ခန်းကို ရာနှင့်ချီသော ပရိသတ်များက အကျဉ်းထောင်ရှေ့တွင် စောင့်ကြိုခဲ့ကြသည်။

အသက် ၅၂ နှစ်အရွယ်ရှိ ဆယ်လ်မန်ခန်းသည် ဧပြီ ၅ ရက်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ထောင်ထဲ၌ နှစ်ရက် နေခဲ့ရသည်။

ပရိသတ်အချို့က ၎င်း၏ကားဘေးတွင် ကပ်လိုက်ရန် ကြိုးစာခဲ့ကြသည်။ ခန်းက စင်းလုံးငှားလေယာဉ်ရှိသည့် Jodphur လေဆိပ်သို့အမြန်နှုန်းဖြင့် မောင်းနှင်နေစဉ် မော်တော်ဆိုင်ကယ်သမားများက ၎င်း၏ နောက်သို့ စီတန်းလိုက်ခဲ့ကြသည်။ ခန်း၏ မွမ်ဘိုင်းရှိ နေအိမ် ရှေ့တွင်လည်း ပရိသတ်များက ၎င်းကို စောင့်ကြိုရန် စုဝေးနေခဲ့သည်။

ခန်းသည် ၂၀၁၂ ခုနှစ်တွင်လည်း အိမ်ခြေမဲ့အမျိုးသားတစ်ဦးကို အရက်မူးပြီး ကားဖြင့်တိုက်ပြီး ထွက်ပြေးမှုအတွက် တရားစွဲခံခဲ့ရသော်လည်း သက်သေအထောက်အထား မခိုင်လုံသဖြင့် ၂၀၁၅ ခုနှစ်တွင် အမှုမှ တရားသေလွတ်မြောက်ခဲ့သည်။

အက်ရှင်ဇာတ်ကြမ်းဇာတ်ကောင်များဖြင့် အောင်မြင်ခဲ့သည့် ခန်းသည် ဘောလိဝုဒ်ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းတွဲ ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၎င်းသည် Forbes မဂ္ဂဇင်း၏ ၂၀၁၇ ခုနှစ်ဝင်ငွေအများဆုံးရ အမျိုးသား သရုပ်ဆောင် ထိပ်တန်း ၁၀ ဦးတွင် ပါဝင်ခဲ့သည်။ ခန်း၏နောက်ဆုံး ထွက်ရှိခဲ့သည့် Tiger Zinda Hai" (Tiger is alive) ဇာတ်ကားသည် ကမ္ဘာတစ်ဝန်းဝင်ငွေ ဒေါ်လာ ၈၅ သန်း ရရှိခဲ့သည်။

Most Read

Most Recent