ရန်ကုန်မြို့တော်ဝန် သြင်္ကန်မဏ္ဍပ်၏ ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်

ရန်ကုန်မြို့တော်ဝန် သြင်္ကန်မဏ္ဍပ်၏ ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်
Published 8 April 2018

ရန်ကုန်မြို့တော်ဝန် သြင်္ကန်မဏ္ဍပ်၏ ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေကြမည်ဟု သိရသည်။

အဆိုပါ ဖျော်ဖြေရေးအစီအစဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) တို့ ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တော်ဝန် မဟာသြင်္ကန်မဏ္ဍပ်၏ အကြိုနေ့ဖျော်ဖြေတင်ဆက်မှုများကို နံနက် ၉ နာရီတွင် စတင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ အကြိုနေ့မှစ၍ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်ပထမပိုင်း၊ ဒုတိယပိုင်းဖျော်ဖြေရေး အစီအစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိနှင့် တတိယပိုင်းဖျော်ဖြေရေး အစီအစဉ်အဖြစ် ည ၇ နာရီ မှ ည ၁၀ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်ကို သုံးပိုင်းခွဲကာ တင်ဆက်သွားမည်ဟု သိရသည်။

“ဒီနှစ် ရန်ကုန်မြို့တော်ဝန် သြင်္ကန်မဏ္ဍပ်မှာ ဦးမိုးတို့ သဘင်ပညာရှင်တွေအနေနဲ့ သြင်္ကန်ပွဲတော်ရက်တစ်လျှောက် ညပိုင်းဖျော်ဖြေရေးအစီအစဉ်တွေကို တာဝန်ယူထားသလို သံတမန်ဖျော်ဖြေရေးပိုင်းကိုလည်း တာဝန်ယူထားပါတယ်။ ညပိုင်းဖျော်ဖြေရေးမှာ တစ်ညကို ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့စီအပြင် အငြိမ့်တွေလည်းပါမှာပါ။

သဘင်ရဲ့ဖျော်ဖြေမှုအစီအစဉ်မှာ ရာမယဏ၊ သံချပ်၊ အငြိမ့်၊ နှစ်ပါးသွား အစီအစဉ်တွေအပြင် ဆပ်ကပ်မျက်လှည့်ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်မှာပါ” ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းက ဆိုသည်။

အဆိုပါဖျော်ဖြေရေးအစီအစဉ်များတွင် မင်းသားကြီး နန်းဝင်း၊ ချမ်းသာ၊ မိုးဝင်း၊ မိုးမင်း၊ ဇော်ဝင်းမောင်၊ မင်းသား ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ဇံဟိန်း၊ စွမ်းဇာနည်၊ မိုးဆန်းပန်းအဖွဲ့၊ နန်းခင်မွှေး၊ ချစ်ချစ်ဇော်၊ ပတ္တမြားကေခိုင်၊ တင်ဇာမိုးဝင်း၊ ဝင်းသပြေထွန်း၊ နေခြည်ငြိမ်းချမ်း၊ အရိုင်း၊ ဖိုက်စတားအဖွဲ့၊ ခင်လှိုင်၊ စတားကောင်းထက်၊ ငြိမ်းချမ်း၊ ဟားစတိုင်အဖွဲ့တို့နှင့်အတူ မဟာရန်ကုန် စံပြသဘင်အနုပညာအင်အားစုများ ပါဝင်ဖျော်ဖြေကြမည်ဟု သိရသည်။

သဘင်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များတွင် ရွာစားမြန်မာပြည်ကျောက်စိမ်း၊ ဖိုးသြင်္ကန်တို့၏ မြန်မာ့ဆိုင်းတီးခတ်မှုများ၊ စန္ဒရားကိုစိုး၏ တီးခတ်မှုနှင့် ဂီတစာဆို သျှန်ထွန်း (မြန်မာစာ) တို့ ပါဝင်ကူညီတီးခတ်ကြမည်ဟု သိရသည်။

ထို့ပြင် ရန်ကုန်မြို့တော်ဝန် သြင်္ကန်မဏ္ဍပ်၏ သြင်္ကန်ဖျော်ဖြေရေးအစီအစဉ်များအတွက် မန္တလေး၊ မွန်ပြည်နယ်နှင့် မကွေးတို့မှ သဘင်အနုပညာရှင်များကိုလည်း ဆက်သွယ်ဖိတ်ကြားထားသည်။

Most Read

Most Recent