ဒါရိုက်တာအကယ်ဒမီဝိုင်းနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာအကယ်ဒမီဝိုင်းနှင့် တွေ့ဆုံခြင်း
Published 4 April 2018

မတ် ၂၃ ရက်တွင် ကျင်းပခဲ့သည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ‘ရင်ဘတ်ထဲကဓား’ ဇာတ်ကားဖြင့် ဇာတ်ညွှန်းထူးချွန်ဆုအား အကယ်ဒမီ ဒါရိုက်တာဝိုင်းက ဆွတ်ခူးနိုင်ခဲ့ပါသည်။ ဒါရိုက်တာဝိုင်းက ယခုနှစ်အကယ်ဒမီဆုပေးပွဲတွင် ကိုယ်တိုင်ဇာတ်ညွှန်း အကယ်ဒမီဆုအား ဆွတ်ခူးနိုင်ခဲ့ရုံသာမက ရင်ဘတ်ထဲကဓားဇာတ်ကားဖြင့် အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ တာတေကြီးဇာတ်ကားဖြင့် အကယ်ဒမီနေတိုး၊ 3 Girls ဇာတ်ကားဖြင့် အကယ်ဒမီ ပိုင်ဖြိုးသုနှင့် အတတ်ပညာရှင်ဆုအချို့ကိုပါ ဆွတ်ခူးစေရန် ဖန်တီးပေးနိုင်ခဲ့သူဖြစ်သည်။ အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံဖြစ်သည့်အခိုက် ဇာတ်ညွှွန်းဆုနှင့် အကယ်ဒမီရရှိခဲ့သည့်အပေါ် ခံစားချက်၊ ယခုနှစ်တွင် ၎င်းဖန်တီးခဲ့သည့် ဇာတ်ကားများဖြင့် အကယ်ဒမီထူးချွန်ဆု ရရှိခဲ့မှုအပေါ် ခံစားချက်နှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာဖန်တီးမှုများအပေါ် ပြင်ဆင်မှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - ဒီနှစ်မှာ အကယ်ဒမီထူးချွန်ဆုကို ဇာတ်ညွှန်းဆုအတွက် ရခဲ့တဲ့ ပီတိနဲ့ပတ်သက်ပြီး သိချင်ပါတယ်ရှင့်။

ဖြေ - ပျော်ပါတယ်။ ဇာတ်ညွှန်းဆုနဲ့ ရခဲ့တဲ့အတွက် ပိုပြီးပျော်ပါတယ်။

■ မေး - ဇာတ်ညွှန်းဆုနဲ့ရတဲ့အတွက် ပိုပျော်တယ်ဆိုတော့ ဘာကြောင့်များလဲဆိုတာ သိခွင့်ရမလားရှင့်။

ဖြေ - အမှန်အတိုင်းပြောရရင် စင်ပေါ်မှာ ပြောခဲ့သလို ကျွန်တော့်ဆရာ ဦးညီညီထွန်းလွင်က ကျွန်တော်အသက် ၂၁၊ ၂၂၊ ၂၃ လောက်မှာ တကယ့်ကိုလမ်းမှားရောက်နေခဲ့တဲ့ ဘဝရဲ့အချိန်တွေရှိတယ်။ အဲဒီအချိန်တွေကို ကုစားဖို့အတွက် ဆရာဦးညီက ဒီဇာတ်ညွှန်းပညာကို သင်ပေးရင်းနဲ့ လမ်းမှန်ပေါ်ကို ဆွဲတင်ခဲ့တာ။ အဲဒီလိုသာ သင်မပေးခဲ့ဘူးဆိုရင် ဒါရိုက်တာဝိုင်း ဆိုတာလည်း ဖြစ်လာစရာမရှိဘူး။ လမ်းမှန်ပေါ်လည်း ရောက်လာစရာ အကြောင်းမရှိဘူး။ ဒါကြောင့် အဲဒီဇာတ်ညွှန်းပညာနဲ့ ဆုလေးတစ်ခုတော့ ရချင်တဲ့ဆန္ဒက အရင်ကတည်းကရှိတယ်။ ဒါကြောင့် အချိန်မအားတဲ့ကြားက ဇာတ်ညွှန်းကို ကြိုးစားပြီးရေးတယ်။ ဒီဆုလေးရတဲ့အတွက် အစ်ကို့ဆရာရဲ့ပညာကို ဂုဏ်ယူလို့ရသလို ဆရာ့ကိုယ်စားယူပေးနိုင်တဲ့ အတွက်လည်း ဝမ်းသာပါတယ်။

■ မေး - ဇာတ်ညွှန်းပညာနဲ့ ပတ်သက်လို့ ဖန်တီးရာမှာ ရင်ဘတ်ထဲကဓား ဇာတ်ကားထဲက Tempo အနိမ့်အမြင့်၊ ဇာတ်ရုပ်အားလုံး ရုပ်လုံးကြွလာဖို့ ဘယ်လိုကြိုးစား ဖန်တီးခဲ့ရလဲ။

ဖြေ - ဆရာမရဲ့ ဒီဝတ္ထုက စီးရီးဇာတ်လမ်းတွဲ ရိုက်သင့်တယ်လို့ အစ်ကိုပြောခဲ့ဖူးတယ်။ ဝတ္ထုမှာကောင်းတာနဲ့ မကောင်းတာနဲ့ ခွဲရမယ်ဆိုရင် ကောင်းတာတွေက အရမ်းများတယ်။ ဒီအစ်ကိုတို့မှာ ရှိနေတဲ့အချိန်အတွင်းမှာ ကောင်းတာတွေအားလုံး ထည့်ပြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘယ်လောက်အထိကောင်းတာလဲ၊ ဘယ်လောက်ထိ အသိပညာပေးမလဲ ဆိုတဲ့အပိုင်းကို စဉ်းစားရာမှာ တော်တော်ကြီးကို အကျပ်အတည်း တွေ့ရပါတယ်။ ရှင်းရှင်းပြောရရင် မပစ်ရက်ဘူး။ သို့သော်လည်း မရရအောင် ချုံ့ရတယ်။ လူတိုင်းလည်သွားနိုင်တဲ့ flash back to flash back ပြကွက်အများကြီးလုပ်ပြီး ထိမိအောင် Presentation မှာ ပြင်ဆင်ရတယ်။ ကျန်တာကတော့ သူ့ရဲ့ဇာတ်ကျောရိုးကကို ကောင်းပြီးသားပါ။

■ မေး - ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ မအူဝဲ၊ ဗီလိန် ဇာတ်ရုပ်ဖြစ်တဲ့ ကိုပြေတီ၊ ဇာတ်ပို့ဖြစ်တဲ့ မမြတ်ကေသီအောင်တို့လို ဇာတ်ရုပ်တွေကို ကိုင်တွယ်ရတဲ့အခါမှာ အခက်အခဲရှိခဲ့လား။

ဖြေ - အဓိကတော့ လရိပ်ဝေးရဲ့ ဇာတ်ရုပ်ကို အဲဒီလောက် မခက်ခဲဘူး။ သီဟနိုင် ကာရိုက်တာကို ကိုင်တွယ်ရာမှာ မိန်းမအပေါ်ဘယ်လောက်အထိ ရက်စက်မှုကိုပြမလဲ၊ မကေကြီးဆိုလည်း ဝတ္ထုမှာ Reasonable ဖြစ်အောင် ပြန်ပြထားတာတွေပါတယ်။ သို့သော်လည်း အစ်ကို့ဇာတ်ကားမှာတော့ အချိန်အတိုင်းအတာအရ မထည့်နိုင်ခဲ့ဘူး။ အဓိကတော့ သီဟနိုင်နဲ့ ဘေးကဇာတ်ပို့တွေရဲ့ဇာတ်ရုပ်တွေကို ကိုင်တွယ်ရတာ အခက်အခဲရှိပါတယ်။ အိမ်က အိမ်စေဆိုရင် သုံးလေးယောက် ကာရိုက်တာတွေပြပြီးမှ မသန်းသန်းစိုးက ပြန်ရောက်လာတာလေ။ ဝတ္ထုထဲကအတိုင်းတော့ ပြလို့မရဘူး။ အတိုချုံ့ပြီးရအောင်ပြရတဲ့ စိန်ခေါ်မှုတွေရအောင် ကျော်လွှားနိုင်ခဲ့ပါတယ်။

■ မေး - ဒီဇာတ်ကားဖန်တီးမှု Presentation ပိုင်းလည်း ပြောင်းထားတယ်နော်။

ဖြေ - အဓိက,ကတော့ Screen Play နဲ့ သွားဆိုင်တယ်။ ဇာတ်ညွှန်းမှာ အသေးစိတ်ရေးပြီးသားကို Screen Play မှာ ဘယ်လိုပြနိုင်မလဲဆိုတာမျိုး ဖန်တီးခဲ့ရတာပါ။ မခိုင်ကြီးကိုပြတဲ့ အခါမှာလည်း ဒါကအမေတူသမီး။ ပရိသတ်စိတ်ထဲမှာလည်း သူ့အမေလိုပဲ ယောကျ်ားကို သတ်လိုက်မှာလား။ အစ်ကိုကလည်း အဲဒါကိုပေးချင်တယ်။ အစ်ကို့စိတ်ထဲမှာ ဒီဇာတ်ကားထဲမှာ တကယ်သတ်ချင်နေပြီ။ ဒါကိုပြန်ထိန်းပြီး ကလေးနဲ့စိတ်ကို ဘယ်လိုပြန်ထိန်းမလဲ။ ဒါကိုပြန်ပြီးဖန်တီးရတာပေါ့။

■ မေး - ဒီဇာတ်ကားနဲ့ မအူဝဲအကယ်ဒမီရတဲ့အတွက် ပီတိကိုလည်း သိချင်ပါတယ်။

ဖြေ - ဝမ်းသာပါတယ်။ အစ်ကိုဒီဇာတ်ကား ရိုက်ပြီးသိပ်မကြာခင်မှာဘဲ ဒီဇာတ်ကားနဲ့ အူဝဲ အကယ်ဒမီရမယ်လို့ ရဲရဲဝံ့ဝံ့ပြောခဲ့တယ်။ ပထမတစ်ကြိမ်တုန်းကလည်း ဖွေးဖွေးကိုလည်း ပြောခဲ့ဖူးတယ်။ ပြောခဲ့တဲ့အတိုင်း ရသွားတဲ့အတွက် ကျေနပ်ရပါတယ်။

■ မေး - ဒီနှစ်အတွက် အဓိကဆုတွေက အစ်ကို့ဇာတ်ကားထဲကသူတွေရတဲ့အပေါ် ခံစားမှုကိုလည်း သိချင်ပါတယ်။

ဖြေ - ကျေနပ်မှုအပြည့် ရှိပါတယ်။ နေတိုးဆိုရင်လည်း သူတစ်ယောက်တည်းနဲ့ ကာရိုက်တာ လေးယောက်စာလောက် လုပ်ထားတယ်။ အရမ်းလည်း ကြိုးစားခဲ့တယ်လေ။ ထင်မှတ်မထားတာကတော့ သုသုပေါ့။ သူကတော့ အနုပညာအပေါ် ကြိုးစားတဲ့ရလဒ်ကို သူခံစားရတာပါ။ ဇာတ်ကားရိုက်ကတည်းက သူပါဝင်ရတဲ့အခန်း အများကြီးမဟုတ်ပေမယ့် ပါခွင့်ရသလောက်ကို အကောင်းဆုံးအားစိုက်ပြီး ကြိုးစားတယ်။ ဒါက နောက်လာမယ့် အသစ်တွေအတွက် သိစေချင်လို့ပြောပြတာပါ။ ဘာပဲဖြစ်ဖြစ် သူကြိုးစားတယ်။ ကြိုးစားခဲ့ပေမယ့် အကယ်ဒမီရမယ်လို့လည်း သူမထင်ဘူး။ ဒါပေမဲ့ ကြိုးစားမှုရဲ့ အသီးအပွင့်ကိုရတယ်လို့ပဲ ထင်ပါတယ်။

■ မေး - နောက်ထပ်ကြိုးစားမယ့် အနုပညာလုပ်ငန်းတွေအတွက် ဘယ်လိုခွန်အားတွေရခဲ့လဲ။

ဖြေ - ကျိန်းသေတာတစ်ခုကတော့ ရင်ဘတ်ထဲကဓားတို့၊ တာတေကြီးတို့ ရုံတင်တဲ့အချိန်မှာ လူပေါင်းများစွာရဲ့ အားပေးမှုကိုရတယ်။ အဲဒီအတွက် ခွန်အားတွေလည်းရတယ်။ အခု ဆုလည်းရတဲ့အခါကျတော့ ဘာပဲပြောပြော နောက်လုပ်မယ့်အလုပ်တွေမှာ ဒီထက်ပိုပြီး ကောင်းအောင်၊ ဒီထက်ပိုပြီးသေသပ်တဲ့ အရည်အသွေးရှိတဲ့ ဇာတ်ကားတွေဖန်တီးသွားမယ် ဆိုတာကို ကတိပေးနိုင်ပါတယ်။

■ မေး - ရုံရှင်ကားရှင် ညှိနှိုင်းစနစ်၊ ကိုယ့်ဇာတ်ကားပြခွင့်ရဖို့ စိတ်မောရတဲ့ အခြေအနေကို ဘယ်လိုမြင်လဲ။

ဖြေ - ရုံရှင်ကားရှင်ဆိုတာမှာ Main Strem ကသူတွေက ဇာတ်ကားတွေကို မတန်တဆ ထုတ်နေတယ်။ indi တွေက ဇာတ်ကားတွေကို သေချာဂရုစိုက်ထုတ်နေပေမယ့် Main Strem က ဗီဒီယိုကားဆန်ဆန်တွေ ထုတ်နေတယ်။ အဲဒါကို ရုံရှင်တွေက မရွေးဘူးဆိုရင်လည်း တည်ဆောက်ထားတဲ့ရုံတွေက ပြန်ပျက်သွားဦးမယ်။ ပရိသတ်က အယုံအကြည်မဲ့ပြီးတော့ အရင်ဗီဒီယိုခေတ်လိုပဲ ဗုန်းဗုန်းလဲသွားဦးမှာပဲ။ လက်ရှိကားအခြေအနေအရဆိုရင်လည်း ရုံရှင်ကားရှင်စနစ်ကသာ အဆင်ပြေဆုံးပဲ။ တကယ်တမ်း စနစ်ကျချင်ရင်တော့ ဇာတ်ကားရိုက်တော့မယ်ဆိုတာနဲ့ သူ့ရဲ့ဇာတ်ညွှန်း၊ Business Plan၊ Advertising Plan တွေကို ကြိုယူထားပြီး ရုံရက်ပေးထားတာမျိုးတွေ လုပ်သင့်တယ်။

■ မေး - ဒီနှစ်ထဲမှာ ဘယ်ဇာတ်ကားသစ်တွေ ရိုက်ကူးဖန်တီးဖို့ရှိမလဲ။

ဖြေ - ဒီလထဲမှာ ကံ့ကော်နီရိုက်ဖို့ စီစဉ်ထားပေမယ့် ဇာတ်ညွှန်းပိုင်းဆိုင်ရာ စိတ်တိုင်းမကျတဲ့အတွက် ၁၀ လပိုင်းကို ရွှေ့လိုက်တာပါ။ မေလထဲမှာတော့ ထွန်းထွန်း၊ အလင်းရောင်၊ ဖွေးဖွေး၊ မိုးဟေကိုတို့ပါဝင်တဲ့ ပဘာဝတီစီရင်ခန်း ဇာတ်ကားရိုက်ကူးပါမယ်။ Thriller Romance ပါ။ ပြီးရင် ဆရာမစပယ်ဖြူနုရဲ့ လှပ်၍လွင့်သောကမ္ဘာကိုရိုက်ဖို့ ဇာတ်ညွှန်းပြင်ဆင်နေတယ်။ Location ရှာနေပါတယ်။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင် ပြောပေးပါဦး။

ဖြေ - ကျွန်တော် ဒီထက်ပိုကြိုးစားပါမယ်။

Most Read

Most Recent