အာနိုးရှဝါဇန်နက်ဂါ နှလုံးခွဲစိတ်ကုသမှုခံယူပြီးနောက် အခြေအနေ တည်ငြိမ်လာ

အာနိုးရှဝါဇန်နက်ဂါ နှလုံးခွဲစိတ်ကုသမှုခံယူပြီးနောက် အခြေအနေ တည်ငြိမ်လာ
Published 1 April 2018

ဟောလိဝုဒ်အက်ရှင်သရုပ်ဆောင် အာနိုးရှဝါဇန်နက်ဂါသည် နှလုံးခွဲစိတ်ကုသမှု ခံယူပြီးနောက် အခြေအနေ တည်ငြိမ်လာပြီဟု ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် ဒင်နီယယ်ကတ်ချယ်က မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးဟောင်း အသက် ၇၀ အရွယ်ရှိ အာနိုးသည် မတ် ၂၉ ရက်တွင် လော့စ်အိန်ဂျလိစ်ရှိ ဆေးရုံတစ်ခုတွင် အဆို့ရှင်တစ်ခု အစားထိုးသည့် ကုသမှုခံယူခဲ့သည်ဟု ကတ်ချယ်က ပြောကြားခဲ့သည်။ ဆရာဝန်များသည် Terminator နှင့် Predator သရုပ်ဆောင်အာနိုးကို ခွဲစိတ်ခန်းသို့ပို့ဆောင်ပြီး စက်ဖြင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်ပေးသော နှလုံးခွဲစိတ်နည်းဖြင့် ခွဲစိတ်ကုသခဲ့သည်ဟု အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ ယင်းခွဲစိတ်မှုသည် အရေးပေါ် ခွဲစိတ်ကုသမှုမဟုတ်ဘဲ ကြိုတင်စီစဉ်ထားသည့် ခွဲစိတ်ကုသမှုတစ်ခုဟု ကတ်ချယ်က ဆိုသည်။

“ခွဲစိတ်ကုသမှုခံပြီး သူနိုးလာတဲ့အချိန်မှာ အားနိုးက သူ့ရဲ့ အထင်ကရဇာတ်ကား Terminator မှာပါတဲ့ I'm back ဆိုတဲ့စကားကို ပထမဆုံးပြောခဲ့တယ်” ဟု ကတ်ချယ်က ပြောကြားခဲ့သည်။

မောင်စကြဝဠာဟောင်းတစ်ဦးဖြစ်သည့် အာနိုးသည် လွန်ခဲ့သည့် ၂၁ နှစ်တွင်လည်း မွေးရာပါနှလုံးချို့ယွင်းချက်အတွက် အဆို့ရှင်အစားထိုးကုသမှု ခံယူခဲ့ဖူးသည်။

“၁၉၉၇ ခုနှစ်က အဆို့ရှင်အစားထိုးမှုက တစ်သက်တာအတွက် မဟုတ်ပါဘူး” ဟု ကတ်ချယ်က ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် ခွဲစိတ်ကုသမှုအတွက် ကနဦးတွင် ဇနီးဖြစ်သူ မာရီယာရှရီဗာကို လျှို့ဝှက်ထားခဲ့ပြီး မက္ကဆီကိုသို့ အပန်းဖြေ အနားယူရန်သွားသည်ဟု ပြောကြားခဲ့ကြောင်း အာနိုးရှဝါဇန်နက်ဂါက Total Recall: My Unbelievably True Life Story စာအုပ်တွင် ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

CBS ရုပ်သံ၏ “60 Minutes” အင်တာဗျူးတွင် “ခွဲစိတ်ကုသမှုအတွက် ရှရီဗာကို လျှို့ဝှက်ဖို့စီစဉ်ထားတယ်လို့ ဆရာဝန်ကို ပြောခဲ့တုန်းက ဆရာဝန်က ကျွန်တော့်ကို ရူးမိုက်တယ်လို့ ပြောခဲ့တယ်” ဟု အာနိုးက ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံဖွား ကာယဗလမောင်ဟောင်း အာနိုးရှဝါဇန်နက်ဂါသည် ၂၀၀၃ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၏ ၃၈ ဦးမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။

Most Read

Most Recent