ပရိသတ်စိတ်ဝင်စားမှု များပြားနေသည့် တေးသံရှင် Mary က ပရိသတ်များနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မည့် Fan Meeting ပြုလုပ်မည်

ပရိသတ်စိတ်ဝင်စားမှု များပြားနေသည့် တေးသံရှင် Mary က ပရိသတ်များနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မည့် Fan Meeting ပြုလုပ်မည်
Published 16 August 2017

ပရိသတ်စိတ်ဝင်စားမှု များပြားနေသည့် တေးသံရှင် Mary က ပရိသတ်များနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မည့် Fan Meeting ကို သြဂုတ်လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ Fan Meeting တွင် ပရိသတ်များနှင့်တွေ့ဆုံကာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

“Mary ရဲ့ ပရိသတ်တွေနဲ့က အွန်လိုင်းကနေတော့ တွေ့ဆုံခွင့်ရတယ်။ အခုမီဒီယာတွေနဲ့ aတွ့ဆုံဖြစ်တော့လည်း မီဒီယာတွေကတစ်ဆင့် တွေ့ဆုံရတယ်ပေါ့နော်။ ဒါပေမဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံမှုလည်း လုပ်ချင်ပါတယ်။ ဒီနှစ်ထဲမှာ ဖျော်ဖြေပွဲ ပုံစံမျိုးလည်း လုပ်ဖြစ်ဦးမှာ မဟုတ်ဘူးဆိုတော့ ဒီလကုန်လောက်ကို Fan Meeting လုပ်ဖို့ စီစဉ်ထားတယ်။ ပရိသတ်တွေ သိချင်တာလေးတွေ ဖြေပေးမယ်။ နှုတ်ဆက်စကားပြောဖြစ်မယ်။ သီချင်းတွေလည်း ဖျော်ဖြေဖို့ စိတ်ကူးထားပါတယ်။ သီချင်းငါးပုဒ်လောက် ဆိုမယ်လို့ စီစဉ်ထားပါတယ်” ဟု တေးသံရှင် Mary က ဆိုသည်။

တေးသံရှင် Mary သည် ‘ဝဲ’ တေးသီချင်းဖြင့် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများထက်တွင် ပရိသတ်စိတ်ဝင်စား အားပေးမှု စတင်ရရှိလာခဲ့ပြီးနောက် လက်ရှိတွင် ပရိသတ်များကြား ရေပန်းစားပျံ့နှံ့လျက်ရှိသော တေးသံရှင်တစ်ဦးဖြစ်သည်။ တေးသံရှင် Mary သည် ‘ဝဲ’ နှင့် ‘Mask’ ဟု အမည်ပေးထားသော တေးသီချင်းများအား ကိုယ်တိုင်ရေးသားသီဆိုကာ အွန်လိုင်းတွင် လွှင့်တင်ထားခဲ့ပြီးဖြစ်သည်။ ဂျပန်နိုင်ငံ၌ နေထိုင်လျက်ရှိသော တေးသံရှင် Mary သည် သြဂုတ်လအတွင်း မြန်မာနိုင်ငံ ခရီးစဉ်တွင်လည်း တေးသီချင်းအသစ်တစ်ပုဒ်အား သီဆိုအသံသွင်းယူသွားရန် စီစဉ်ထားပြီး ယခုနှစ်အတွင်း၌ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကို စတင်ဖြန့်ချိနိုင်ရန် ပြင်ဆင်သွားမည်ဖြစ်သည်။ တေးသံရှင် Mary ၏ Fan Meeting နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များအား ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

Most Read

Most Recent