ကိုရီးယားကျွန်းဆွယ် သမိုင်းဝင်ဖျော်ဖြေပွဲတွင် ကိုရီးယားနှစ်နိုင်ငံ အဖွဲ့များက ဖျော်ဖြေမည်

ကိုရီးယားကျွန်းဆွယ် သမိုင်းဝင်ဖျော်ဖြေပွဲတွင် ကိုရီးယားနှစ်နိုင်ငံ အဖွဲ့များက ဖျော်ဖြေမည်
Published 31 March 2018

တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့ Red Velvet (Photo: AFP)

ဖျော်ဖြေတင်ဆက်မှုကို နိုင်ငံတော် ထောက်ပံ့မှုနှင့် ကြီးမားသော ဝါဒဖြန့်ချိရေးတစ်ခုအဖြစ် အသုံးချလေ့ရှိသည့် မြောက်ကိုရီးယားနိုင်ငံတွင် ယခုသီတင်းပတ်၌ ပြုလုပ်မည့် ကိုရီးယားကျွန်းဆွယ် သမိုင်းဝင်ဖျော်ဖြေပွဲတွင် ကိုရီးယားနှစ်နိုင်ငံ အဖွဲ့များက မတူညီသည့် ဖျော်ဖြေမှုများဖြင့် တင်ဆက်မည် ဖြစ်သည်။

ဧပြီ နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် သမိုင်းဝင် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ပြုံယမ်း၌ ပြုလုပ်မည့် ယင်းဖျော်ဖြေပွဲအတွက် တောင်ကိုရီးယား အနုပညာရှင်အဖွဲ့၏ ရှေ့ပြေးအဖွဲ့သည် မတ် ၂၉ ရက်တွင် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည်။ ဧပြီ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်မည့် ယင်းဖျော်ဖြေပွဲတွင် ကေပေါ့ပ်အဆိုတော် Cho Yong-pil ၊ Red Velvet နှင့် Girl's Generation အဖွဲ့ဝင် Seohyun အပါအဝင် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။ ယင်းအဖွဲ့တွင် တိုက်ကွမ်ဒို ကစားသမား ၃၀၊ သတင်းထောက်နှင့် အစိုးရ တာဝန်ရှိသူများလည်း ပါဝင်မည်ဖြစ်သည်။

မတ် ၂၉ ရက်တွင် ပညာရှင် ၇၀ ခန့်သည် စင်းလုံးငှား လေယာဉ်နှစ်စင်းဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုတော်များ၊ တိုက်ကွမ်ဒို ကစားသမားများ၊ သတင်းထောက်များနှင့် အစိုးရ တာဝန်ရှိသူများ ပါဝင်သည့် အဓိကအဖွဲ့သည် မတ် ၃၁ ရက်တွင် ဆိုးလ်မှ ထွက်ခွာမည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ အဓိကဖျော်ဖြေမှု အစီအစဉ်ကို ကေပေါ့ပ် အမျိုးသမီးအဆိုတော်အဖွဲ့ Red Velvet က ဖျော်ဖြေမည် ဖြစ်သည်။ Red Velvet အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Joy သည် စီစဉ်ထားပြီး ဖြစ်သည့် အလုပ်များကြောင့် အဆိုပါ ဖျော်ဖြေပွဲတွင် ပါဝင်နိုင်မည် မဟုတ်ဟု ယင်းအဖွဲ့၏ အေဂျင်စီ SM Entertainment က မတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Red Velvet အဖွဲ့သည် Ice Cream Cake ၊ Peek-A-Boo စသည့် သီချင်းများဖြင့် အောင်မြင်ခဲ့ပြီး ၎င်းတို့၏ သီချင်းစာသားများသည် အချစ်နှင့် ကြေကွဲဖွယ် အကြောင်းအရာများ ဆက်စပ်သည့် သီချင်းများဖြစ်သည်။

မြောက်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Moranbong က ပြုံယမ်း၏ အဓိကအဆိုတော် အဖွဲ့အဖြစ် ဖျော်ဖြေမည်ဖြစ်သည်။ Moranbong အဖွဲ့၏ သီချင်းအများစုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (သို့မဟုတ်) ဆိုရှယ်လစ် စိတ်ကူးများကို ချီးမြှောက်သည့် မျိုးချစ်စိတ် ဖော်ကျူးသော သီချင်းများဖြစ်သည်။ ကေပေါ့ပ်အဖွဲ့များသည် ဆွဲဆောင်မှုရှိပြီး အရောင်အသွေးစုံလင်သည့် အဝတ်အထည်များ ဝတ်ဆင်ကြသော်လည်း Moranbong အဖွဲ့သည် အဖြူရောင် စစ်ဝတ်စုံနှင့် မီနီစကပ် အပါအဝင် ပင်ကိုယ်အမှတ်တံဆိပ် ဝတ်စုံများကိုသာ ဝတ်ဆင်သည်ဟု သိရသည်။

Most Read

Most Recent