မုဒြာရဲ့ခေါ်သံဇာတ်ကားအား တတိယမြောက် ရက်သတ္တပတ်အဖြစ် ရုပ်ရှင်ရုံအချို့တွင် ဆက်လက်ပြသမည်

မုဒြာရဲ့ခေါ်သံဇာတ်ကားအား တတိယမြောက် ရက်သတ္တပတ်အဖြစ် ရုပ်ရှင်ရုံအချို့တွင် ဆက်လက်ပြသမည်
Published 29 March 2018

မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားအား တတိယမြောက် ရက်သတ္တပတ်အဖြစ် JCGV ရုပ်ရှင်ရုံအချို့၊ Mega Ace ရုပ်ရှင်ရုံ အချို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများ၌ ပြသမည်ဖြစ်ကြောင်း သိရသည်။ ပရိသတ်စိတ်ဝင်စား အားပေးမှု များပြားလျက်ရှိသည့် ‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားမှာ လူငယ်ဒါရိုက်တာခရစ်(စ်)တီးနားခီ၏ ပွဲဦးထွက်အနုပညာလက်ရာဖြစ်ပြီး သရုပ်ဆောင်ဇဏ်ခီ၊ လှယဉ်ကျေး၊ နန်းဝေေ၀ထွန်း နှင့် အနုပညာရှင်များစွာ ပါဝင်ထားခြင်း ဖြစ်သည်။

‘‘မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကို တတိယမြောက် ရက်သတ္တပတ်အနေနဲ့ ရုပ်ရှင်ရုံအချို့မှာ ဆက်လက်ပြသခွင့်ရရှိပါတယ်။ ဒါက ပရိသတ်တွေကပေးတဲ့ ချစ်ခြင်းမေတ္တာကြောင့်၊ အားပေးမှုကြောင့်သာ အခုလို ဆက်လက်ပြသခွင့်ရတာပါ။ အဲဒီအတွက် ကျေးဇူးအများကြီးလည်း တင်ပါတယ်။  ပရိသတ်အားပေးတဲ့ အားပေးမှုက ရလာတဲ့ ခွန်အားတွေနဲ့ ဆက်လက်ကြိုးစားပါမယ်။ ခွန်အားတွေလည်း အများကြီးရနေပါပြီ။ မြို့ကြီးတွေမှာ လှည့်လည်ပြုလုပ်ခဲ့တဲ့ လက်မှတ်ထိုးပွဲနဲ့ ပရိသတ်တွေနဲ့တွေ့ဆုံပွဲတွေမှာ လာရောက်အားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်’’ဟု ဒါရိုက်တာခရစ်(စ်)တီးနားခီက ဆိုသည်။

‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားမှာ လွန်ခဲ့သည့် လေးနှစ်ခန့်ကပင် စတင်ရိုက် ကူးထားခြင်းဖြစ်ပြီး အချိန်လေးနှစ် စောင့်ဆိုင်းပြီးမှသာ ပြသခွင့်ရရှိခဲ့သည့် ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားမှာ မြန်မာ နိုင်ငံတွင်မပြသမီ၌ နိုင်ငံတကာရုပ်ရှင်ပွဲတော် ကိုးခု၌ ပြသခွင့်ရရှိခဲ့ပြီး ဆုများလည်း ရရှိခဲ့သည့် ဇာတ်ကားဖြစ်သည်။ ‘မုဒြာရဲ့ ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားတွင် ပြည်ပနိုင်ငံသို့ ခေါ်ယူမွေးစားခြင်းခံရသည့် ကောင်လေးတစ်ဦး အရွယ်ရောက်လာချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး မိဘရင်းများအား ရှာဖွေရာ၌ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း မိန်းကလေးတစ်ဦးက ကူညီခဲ့ရာမှ မေတ္တာသက်ဝင်မိပုံ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အလှအပများ၊ မြန်မာမိန်းကလေးတို့၏ ဣန္ဒြေသိက္ခာနှင့် စောင့်ထိန်းသည့်ကျင့်ဝတ်များ၊ တန်ဖိုးထားရမည့် ရိုးရာယဉ်ကျေးမှုများအား ထည့်သွင်းပုံဖော်ထားသည့်ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။ ယင်းဇာတ်ကားကို မတ် ၁၆ ရက်တွင်စတင်ပြသခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent