ဒါရိုက်တာအာကာ၏ ငယ်ဘဝဖြတ်သန်းရာ

ဒါရိုက်တာအာကာ၏ ငယ်ဘဝဖြတ်သန်းရာ
Published 29 March 2018

 

‘‘ပိုက်ဆံရှာဖို့အတွက်တော့ ရုပ်ရှင်မရိုက်ဘူး။ အရည်အသွေးကောင်းတဲ့ ဇာတ်ကားမျိုးပဲ ဖန်တီးမယ်လို့ ပရိသတ်ကိုကတိပေးနိုင်တယ်။ ဂျင်းကားမရိုက်ဘူးလို့ ပရိသတ်ကို အခိုင်အမာ ပြောလို့ရပါတယ်’’လို့ ဆိုလာသူက လတ်တလောလူမှုကွန်ရက်မှာ ပရိသတ်စိတ်ဝင်စားမှုမြင့်မားနေတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားကိုဖန်တီးသူ လူငယ်ဒါရိုက်တာ အာကာဖြစ်ပါတယ်။ ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားက တစ်မိနစ်စာ ဗီဒီယိုဖိုင်တင်ထားကတည်းက ကြည့်ရှုမှုနှုန်း မြင့်မားခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်လမ်းပုံစံ၊ ရိုက်ကွင်းနေရာအသုံးပြုမှု၊ မြန်မာဇာတ်ကားတွေမှာမြင်တွေ့ရလေ့မရှိတဲ့ ရိုက်ချက်တွေကြောင့် ပရိသတ်လက်ခံ အားပေးမှုရရှိနေပါတယ်။ အခုတစ်ပတ်မှာတော့ ဒါရိုက်တာအာကာရဲ့ ငယ်စဉ်ဘဝအမှတ်တရတချို့ကို ဖော်ပြပေးချင်ပါတယ်။

ဒါရိုက်တာအာကာက ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်းညီအစ်ကိုသုံးယောက်အနက် အကြီးဆုံးသားဖြစ်ပါတယ်။ ငယ်စဉ်ဘဝရဲ့အမှတ်တရအနေနဲ့ကတော့ လေး၊ ငါးနှစ်အရွယ်လောက်အထိ ဂျင်းဝတ်စုံကို အရမ်းနှစ်သက်သလို ဂျင်းဝတ်စုံဝတ်ပေးထားပြီး ပြန်ချွတ်တဲ့အခါ ငိုတဲ့အထိ နှစ်သက်သူတစ်ယောက်ပါလို့ဆိုပါတယ်။ ဒါရိုက်တာအာကာက ကျောင်းပညာရေးကိုတော့ TTC မှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ခဲ့သလို စာတော်သူ တစ်ယောက်တော့ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

ငယ်စဉ် ပညာသင်ကြားစဉ်တစ်လျှောက်လုံးမှာ ရုပ်ရှင်ကြည့်ရတာ ဝါသနာပါပေမယ့် ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရော်ဖက်ရှင်နယ် လုပ်ဖို့အထိတော့ ရည်ရွယ်ချက် မရှိခဲ့ဖူးဘူး လို့လည်းဆိုပါသေးတယ်။ ငယ်စဉ်ကလေးဘဝမှာ ဂိမ်းကစားရတာကို အရမ်းနှစ်သက်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ချိန်မှာ ဂိမ်းဆိုင်ဖွင့်လှစ်တဲ့အထိ ဝါသနာကြီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာအာကာက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ကွန်ပျူတာတက္ကသိုလ်ကို နှစ်နှစ်တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။

စင်ကာပူနိုင်ငံကို ရောက်ရှိသွားချိန်မှာတော့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသလို အတွေ့အကြုံကောင်းများစွာလည်း ရခဲ့ပါတယ်လို့ အာကာကဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ရင်း ငါးနှစ်တာ သင်ယူလေ့လာခဲ့သမျှက တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါလို့ ဒါရိုက်တာအာကာက ပြောပြခဲ့ပါတယ်။

‘‘စင်ကာပူသွားတဲ့အချိန်မှာ Immigration ဝင်တဲ့အချိန်မှ အင်္ဂလိပ်စကား စပြောဖူးတာ။ စရောက်တဲ့တစ်နေ့လုံးဆို ထမင်းမစားရဘူး။ အင်္ဂလိပ်လို မဝယ်တတ်လို့။ အဲဒီလောက်အထိ ခက်ခဲခဲ့တယ်။ အလုပ်ခွင်ထဲရောက်သွားတော့လည်း ကိုယ်ကပရော်ဖက်ရှင်နယ်အလုပ် မကျွမ်းကျင်တဲ့အခါ အလုပ်အတူလုပ်သူတွေရဲ့ ပြောဆိုမှုတွေ၊ နှိမ်ချတာတွေခံရတယ်။ အဲဒီမှာ ကံကောင်းတာတစ်ခုက အထက်လူကြီးက မှားတာကို အပြစ်မပြောဘူး။ တူတဲ့အမှားမျိုး ထပ်မလုပ်ဖို့ပြောပြီး လေ့လာသင်ယူခွင့်ပေးတယ်။ ကျွန်တော်လည်းတူညီတဲ့အမှားမျိုး ဘယ်တော့မှမမှားအောင် ကြိုးစားတယ်’’လို့ ဒါရိုက်တာအာကာက ဆိုပါတယ်။

ဒါရိုက်တာအာကာအတွက် နောက်ထပ်အချိုးအကွေ့တစ်ခုဖြစ်လာစေတာက သူငယ်ချင်းများနဲ့အတူ ဖိလစ်ပိုင် ရုပ်ရှင်ဇာတ်ကားတစ်ကား သွားကြည့်ဖြစ်တာပါ။ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တာကြောင့် ကျန်တဲ့နိုင်ငံအသီးသီးက သူငယ်ချင်းတွေက မြန်မာဇာတ်ကားကောင်းတွေရှိလားလို့ ဝိုင်းမေးကြချိန်မှာ ရှိမှာပါလို့ပဲဖြေခဲ့ပါတယ်လို့ ဒါရိုက်တာအာကာကဆိုပါတယ်။  အဲဒီအချိန်ကတည်းကပဲ ဒါရိုက်တာအာကာရဲ့နှလုံးသားထဲကို မြန်မာဇာတ်ကားကောင်းတွေကို နိုင်ငံတကာမှာပြသခွင့်ရတဲ့အထိ ဖန်တီးလိုစိတ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာအာကာက သူ့ရဲ့ပထမဆုံး ရုပ်ရှင်ကားကြီးအနေနဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ကိုရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားကိုရိုက်ကူး ဖို့အတွက် တစ်ကားလုံး အစအဆုံး ရီဟာဇယ် လုပ်ခဲ့ပြီးမှရိုက်ကူးခဲ့သလို ပါဝင်ရိုက်ကူးတဲ့ Crew တစ်ဖွဲ့လုံးကိုလည်း သုံးလေးနှစ်လောက် လက်တွဲလုပ်ဆောင်ခဲ့ပြီးမှ ရုပ်ရှင်ကားကြီး ရိုက်ကူးမှုမှာ ပါဝင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒုဋ္ဌဝတီကိုလွန်၍ ဇာတ်ကားကို ပရိသတ်စိတ်ဝင်စားအားပေးမှုနဲ့ပတ်သက်လို့ ဒါရိုက်တာအာကာက ‘‘ကျွန်တော် အရမ်းပျော်တယ်။ ခွန်အားတွေလည်း အများကြီးရတယ်။ ကျွန်တော်မှမဟုတ်ဘူး။ ထုတ်လုပ်ရေးကလည်း အရမ်းခွန်အားတွေရတယ်။ ကျွန်တော်တို့မှာ နောက်ထပ်ထပ်လုပ်မယ့် Project တွေလည်း အများကြီးရှိတယ်။ နိုင်ငံတကာနဲ့တွဲပြီးရိုက်မယ့်အစီအစဉ်တွေ၊ ဒုဋ္ဌဝတီကိုလွန်၍ ၂ ရိုက်မှာမျိုးတွေပေါ့။ ဒါကြောင့်ပရိသတ်အားလုံးရဲ့ အားပေးမှုက တကယ်အရေးကြီးပါတယ်’’ လို့ ဖြည့်စွက်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဒါရိုက်တာအာကာက ဒုတိယမြောက်ဇာတ်ကား ‘ကြိုးဖုန်း’ ကို ရိုက်ကူးခဲ့ရာမှာလည်း ပုံမှန်ဇာတ်ကားတွေရိုက်ကူးနေကျ ကုန်ကျစရိတ်မျိုးနဲ့ပဲ ရိုက်ကူးထားသလို မင်းသားမင်းသမီးတွေ ပုံမှန်ပေးတဲ့ရက်အတွင်းမှာပဲ ရအောင်ရိုက်ခဲ့တာ ဖြစ်ပေမယ့် အရည်အသွေးပိုင်းကတော့ အားရစရာဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တတိယမြောက်ဇာတ်ကား ‘ကမ္ဘာနှစ်ထပ်’နဲ့ပတ်သက်ပြီးတော့လည်း ကလေးသရုပ်ဆောင်နဲ့ အဓိကထား ရိုက်ကူးခဲ့ရတာဖြစ်လို့ အခက်အခဲရှိနိုင်တယ်လို့ ကြိုတွေးခဲ့ပေမယ့် စိတ်တိုင်းကျရတဲ့ ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ ဒါရိုက်တာ အာကာက ဆိုပါတယ်။

လက်ရှိမှ ာမျိုးဆက်သစ်အနုပညာရှင်တွေရဲ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အနုပညာဖန်တီးမှုတွေကို ပရိသတ်လက်ခံပေးကြတဲ့ အရွေ့တစ်ခုနဲ့ပတ်သက်လို့လည်း ‘‘ပရိသတ်က အပြောင်းအလဲကို မြင်နေရတာပဲလေ။ ရုပ်ရှင်မှာ ပြောင်းလဲတာ အဆင့်ကျော်တယ်လို့တောင်ပြောလို့ရတယ်။ ကွာဟမှုတွေက အများကြီးပဲ။ ကောင်းသော ပြောင်းလဲခြင်းဖြစ်တာကြောင့်ပရိသတ်တွေကအားပေးကြသလို ရုံရှင်တွေကလည်း အများကြီး support ပေးလာကြပါတယ်။ နောက်လည်း ဒီထပ်ပိုကောင်းတဲ့ ပြောင်းလဲမှုတွေဖြစ်လာဦးမှာပါ။ ဒီနှုန်းအတိုင်းသာ သွားမယ်ဆိုရင် နောက်ငါးနှစ်လောက်မှာ မြန်မာ့ရုပ်ရှင်က တော်တော်ကောင်းလာမယ် လို့လည်းယုံကြည်တယ်’’လို့ အာကာက သုံးသပ်ခဲ့ပါတယ်။

ဒါရိုက်တာအာကာက အနုပညာဖန်တီးမှုတွေနဲ့ပတ်သက်လို့ သူဖန်တီးတဲ့ အနုပညာဖန်တီးမှုတွေကို အကောင်းဆုံး လုပ်နိုင်သလောက် လုပ်မှာဖြစ်သလို ရုပ်ရှင်ရိုက်ကူးမှုကနေ စီးပွားရှာမှာမဟုတ်ဘဲ အနုပညာအရပဲ ဖန်တီးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

Most Read

Most Recent