စတီဗင်စပီးဘာ့ဂ်၏ Ready Player One ပွဲဦးထွက်ဖြန့်ချိသည့် လေးရက်အတွင်း ဒေါ်လာ ၄၂ သန်းအထိ ရနိုင်မည်ဟု ခန့်မှန်း

စတီဗင်စပီးဘာ့ဂ်၏ Ready Player One ပွဲဦးထွက်ဖြန့်ချိသည့် လေးရက်အတွင်း ဒေါ်လာ ၄၂ သန်းအထိ ရနိုင်မည်ဟု ခန့်မှန်း
Published 29 March 2018

ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်၏ စိတ်ကူးယဉ်သိပ္ပံစွန့်စားဇာတ်ကားသစ် Ready Player One သည် အီစတာပွဲတော် အားလပ်ရက်အတွင်း လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ ၄၂ သန်းအထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

ယင်းဝင်ငွေသည်  Ready Player One ဇာတ်ကားကို ပြည်တွင်း လက်မှတ် ရောင်းချမှု ဝင်ငွေစာရင်းတွင် ဦးဆောင်ရန် အတွက် လုံလောက်ဖွယ်ရှိသည်။

အမေရိကန်စာရေးဆရာ အန်းနက်စီလင်း၏ ၂၀၁၁ ခုနှစ်က ဖြန့်ချိခဲ့သည့် Ready Player One ဝတ္ထုကို အခြေပြုရိုက်ကူးထားသည့် ယင်းဇာတ်ကား၏ဇာတ်ညွှန်းကို စီလင်းနှင့် ဇက်စ်ပန်းတို့က ရေးသားခဲ့သည်။

အနာဂတ်လွန်၂၀၄၅ ခုနှစ်ကာလတွင် လူဦးရေ တရားလွန်ထူထပ်မှု၊ လေထုညစ်ညမ်းမှု၊ ခြစားမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးယိုယွင်းလာသည့် မြို့များမှ ထွက်ပြေးပြီး အလုပ်အကိုင်၊ ပညာရေး၊ ဖျော် ဖြေရေး အစရှိသည့် လုပ်ဆောင်ချက်များစွာ လုပ်ဆောင်နိုင်သည့် VR OASIS ဂိမ်းကို ကစားပြီး ယင်းဂိမ်းဖန်တီးသူ၏ အမွေအနှစ်ကို ဆက်ခံနိုင်ရန် လျှို့ဝှက်ချက်များရှာဖွေသည့်အကြောင်း ရိုက်ကူးထားသည့်   Ready Player One ဇာတ်ကားတွင်  Tye Sheridan ၊ Olivia Cooke၊ Ben ၊ Mendelsohn ၊ တီဂျေမီလာ၊ ဆိုင်မွန်ပက်၊ မက်ရိုင်းလန့်နှင့် မိုရီဆာကီဝင်းတို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ဒေါ်လာ ၁၇၅ သန်း ကုန်ကျခံရိုက်ကူးခဲ့သည်ဟု သိရသည်။

ယင်းဇာတ်ကားကို မတ် ၁၁ ရက်တွင်  South by Southwest ၌ မိတ်ဆက် ပြသခဲ့ပြီး မတ် ၂၉ ရက်တွင် အမေရိကန်၌ ဖြန့်ချိရန် စီစဉ်ထားသည်။ယင်းဇာတ်ကားသည် Rotten Tomatoes ဝက်ဘ်ဆိုက်တွင် rating ၈၄ ရာခိုင်နှုန်း ရရှိခဲ့သည်။

ပြီးခဲ့သည့်သုံးနှစ် အီစတာပွဲတော်သီတင်းပတ်အတွင်း ဖြန့်ချိခဲ့သည့် Batman V. Superman: Dawn of Justice ၊ Furious 7 နှင့် The Fate of the Furious ဇာတ်ကားတို့သည် ဒေါ်လာ ၁၆၆ သန်း၊ ဒေါ်လာ ၁၄၇ သန်းနှင့် ဒေါ်လာ ၉၈ သန်းကျော်စီ ရရှိခဲ့သည်။

Most Read

Most Recent