<

သရုပ်ဆောင်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း

ဧပြီ ၁၀ ရက်နေ့တိုင်းတွင် ပရိသတ်များနှင့်အတူ မွေးနေ့ဖျော်ဖြေပွဲများအား ဆယ်စုနှစ်တစ်ခုကျော် ကြာကျင်းပခဲ့သည့် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်မွေးနေ့ဖျော်ဖြေပွဲကိုလည်း ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ ကျင်းပရန်စီစဉ်ထားသည်။ ဒိတ်ဒိတ်ကြဲတစ်ကိုယ်တော် တေးစီးရီးထွက်ရှိအပြီး ငါးနှစ်ကြာမြင့်ချိန်မှသာ ထွက်ရှိလာမည့် စိုင်းစိုင်းကစိုင်းစိုင်း အယ်လ်ဘမ်သစ်ကိုလည်း ဧပြီ ၁ ရက်တွင်စတင်ထွက်ရှိမည်ဖြစ်ကာ ယင်းနေ့တွင် ပရိသတ်များနှင့်တွေ့ဆုံရန် စီစဉ်ထားပြန်သည်။ SAI Stardom ဟုအမည်ပေးထားသည့် Official Fan Club တစ်ခုကိုလည်း မကြာခင် ဖွဲ့စည်းရန်စီစဉ်ထားသည့် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့်တွေ့ဆုံ၍ စီစဉ်ထားသည့် အနုပညာဖန်တီးမှုများအကြောင်း၊ Official Fan Club များအကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး- မန္တလေးမှာ ဖျော်ဖြေမယ့်ပွဲအကြောင်း အရင်ပြောပြပေးပါဦး။

ဖြေ- ကျွန်တော်မနှစ်က မွေးနေ့ရှိုးကို မန္တလေးမှာလုပ်ပြီးနောက်ပိုင်း မန္တလေးမှာ ရှိုးမဆိုဖြစ်တာ တစ်နှစ်တိတိ ရှိခဲ့ပါပြီ။ ဒါကြောင့် မတ် ၃၀ ရက်မှာ Frenzo Music Tour ကို မန္တလေးမှာလုပ်ဖို့ စီစဉ်ထားတာပါ။ ဒီပွဲမှာ ကျွန်တော်ရယ်၊ Snare ၊ ဘန်နီဖြိုး၊ G-Fatt တို့ပါဝင်ပါမယ်။ မတ် ၃၀ ရက်မှာ ၅၃ လမ်းက Golden Hotel မှာပြုလုပ်မှာပါ။ ဒီပွဲက မန္တလေးပရိသတ်အတွက် စီစဉ်ပေးတဲ့ပွဲပါ။

 

■ မေး- စိုင်းစိုင်းကစိုင်းစိုင်း အယ်လ်ဘမ်နဲ့ပတ်သက်လို့လည်း ပြောပါဦး။

ဖြေ- ဧပြီ ၁ ရက်မှာ စိုင်းစိုင်းကစိုင်းစိုင်း ခွေသစ်ထွက်ပါမယ်။ ဒိတ်ဒိတ်ကြဲကနေ အခု စိုင်းစိုင်းကစိုင်းစိုင်း ဆိုရင် ငါးနှစ်ကြာသွားပါပြီ။ ငါးနှစ်လုံးလုံး ဘာတွေလုပ်နေမိမှန်းတောင် မသိဘူး။ အချိန်တွေလည်း အကုန်မြန်လိုက်တာပေါ့။ ငါးနှစ်လုံးလုံးမှာတော့ သီချင်းတွေကိုဖန်တီးနေတယ်။ စကားလုံးတွေကို စုဆောင်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သုံးလအတွင်းမှာမှ သီချင်းအားလုံးကို တီးခတ် ရေးသား သီဆိုခဲ့တာဖြစ်ပါတယ်။ သီချင်း ၁၂ ပုဒ်လုံးရဲ့ Rap တွေအားလုံးကို ကျွန်တော်ကိုယ်တိုင် ဖန်တီးထားပါတယ်။ အများစုက Hip Hop တွေ ပါဝင်ပါတယ်။ Electro hop၊ Dance တွေလည်း ပါပါတယ်။ သီချင်းရှစ်ပုဒ်တိတိက ကျွန်တော်တစ်ယောက်တည်း တစ်ကိုယ်တော် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်ပုဒ်မှာတော့ Big Bag က ကိုကျားပေါက်ရေးထားပြီးတော့ ကျွန်တော် Rap တွေကိုပြန်ဖြည့်သီဆိုထားတာ တစ်ပုဒ်ပါတယ်။ နောက်ထပ်သုံးပုဒ်ကိုတော့ ကျွန်တော့်ရဲ့ Music Producer ဖြစ်တဲ့ မောင်မောင်ပြည့်စုံက Chorus Melody ရေးထားတာကို ကျွန်တော် Rap တွေဖြည့်ပြီး ဆိုထားပါတယ်။ ကျွန်တော့်ရဲ့ စိုင်းစိုင်းကစိုင်းစိုင်း အယ်လ်ဘမ်မှာ မောင်မောင်ပြည့်စုံနဲ့ကျွန်တော်နဲ့ နှစ်ယောက်တွဲပြီး သီချင်းတွေကို Produce လုပ်ခဲ့တာပါ။ ပါဝင်သီဆိုတဲ့ ဧည့်သည်အဆိုတော်တွေက နန္ဒစိုင်း၊ ငယ်ငယ်၊ အမရာဖုန်းတို့နဲ့ တစ်ပုဒ်စီတွဲဆိုထားပြီး Frenzo Artist ခုနစ်ယောက်တိတိ ပေါင်းဆိုထားတဲ့ ‘ငါ့ရည်းစားက ပိုမိုက်တယ်’ သီချင်းလည်း ပါပါတယ်။ ဒီသီချင်းတွေကို အခွေမထွက်နိုင်တဲ့ ငါးနှစ်တာအတွင်းမှာ အခုလိုမြန်မြန်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်တာကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလနဲ့ ဇန်န၀ါရီလတွေမှာ မြို့ကြီး ၁၄ မြို့လောက်မှာ သီချင်းတွေဆိုတဲ့အခါ အခုလို သီချင်းသစ်တွေထပ်ပြီး ဖန်တီးဖို့ ခွန်အားတွေရပါတယ်။ အဲဒီအတွက် ပရိသတ်တွေအားလုံးကို ကျေးဇူးတင်သလို ပွဲတွေစီစဉ်ပေးတဲ့ Samsung ကိုလည်း ကျေးဇူးတင်ပါတယ်။

 

■ မေး- အခွေထွက်မယ့်နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို ပြောပေးပါဦး။

ဖြေ- ဧပြီ ၁ ရက်မှာ Junction Square မှာ ပရိသတ်နဲ့တွေ့ဆုံပွဲ စီစဉ်သွားပါမယ်။ မွန်းလွဲ ၁ နာရီစတင်ပါမယ်။ ချောကလက်ရောင် ရေခဲအိပ်မက်အခွေထွက်တုန်းက ပရိသတ်တွေနဲ့ တွေ့ဆုံမယ်ပြောတော့ ဖြန့်ချိရေးက ဘာလို့လုပ်မှာလဲလို့ မေးခဲ့ဖူးပါတယ်။ အဲဒီကနေ သူငယ်ချင်းများစွာခွေမှာ ပရိသတ်အယောက် ၃၀၀ ဘလေဇွန်ကိုလာခဲ့ပါတယ်။ အဲဒီလိုကနေ ပရိသတ်တွေများလာလိုက်တာ ဒိတ်ဒိတ်ကြဲတုန်းကဆိုရင် Junction Square တစ်ခုလုံး ပြည့်လျှံသွားခဲ့ပါတယ်။ အခုငါးနှစ်ကြာတဲ့အချိန်မှာ ကျွန်တော်မသိတော့ဘူး။ ကျွန်တော်လည်း အသက်ကြီးလာသလို ကျွန်တော့်ပရိသတ်တချို့လည်း အိမ်ထောင်တွေကျ၊ ကလေးတွေရ ဖြစ်နေပြီ။ ဧပြီ ၁ ရက်မှာ လာအားပေးမယ်၊ မပေးမယ်ဆိုတာ မမှန်းဆနိုင်ဘူး။ ကျွန်တော်ကတော့  Junction Square မှာစောင့်နေပါမယ်။ လာရောက်နိုင်သူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။

 

မေး- မွေးနေ့ရှိုး အစီအစဉ်နဲ့ပတ်သက်လို့လည်း ပြောပြပေးပါဦး။

ဖြေ- ဒီနှစ်မွေးနေ့ရှိုးကို ရန်ကုန်မှာလုပ်ပါမယ်။ Thuwunna Bhumi Event Park မှာ လုပ်ပါမယ်။ အဲဒီပွဲမှာလည်း Frenzo Artist တွေအပါအ၀င် သူငယ်ချင်းတွေအကုန် ၀ိုင်းဝန်းသီဆိုကြပါမယ်။ Birthday Show ကို ၂၀၀၄ တုန်းက Blazon ရယ် ဦးမီးပွားရယ်ကြောင့် လုပ်ဖြစ်ခဲ့တာပါ။ Blazon ကလည်း ကျွန်တော်နဲ့ပွဲလုပ်ချင်တယ်။ ဦးမီးပွားကလည်း အဆိုတော်အနေနဲ့ ဇာတ်ကားတစ်ကား ရိုက်ချင်တာကြောင့် ရှိုးတစ်ခု စီစဉ်ခိုင်းတယ်။ အဲဒါနဲ့ ကျွန်တော်လုပ်ဖြစ်ခဲ့တာပါ။ အဲဒီဇာတ်ကားတော့ မရိုက်ဖြစ်ခဲ့ဘူး။ ၂၀၀၄ ကစပြီး တောက်လျှောက် မွေးနေ့ရှိုးကို နှစ်စဉ် ကျင်းပနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Blazon ကိုရော ဦးမီးပွားကိုပါ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ၂၀၀၅ မှာ မွေးနေ့ရှိုး မလုပ်ဖြစ်ခဲ့တာကြောင့် မွေးနေ့ရှိုးလုပ်ခဲ့တာ ၁၄ ကြိမ်မြောက်ဖြစ်ပါတယ်။ ကျွန်တော့်မွေးနေ့ရှိုးက Theme Concert ပုံစံဖြစ်ပါတယ်။ စင်ပေါ်မှာ လက်ဝှေ့ကြိုးဝိုင်း လုပ်ခဲ့ဖူးသလို စက်ရုပ်လည်း ဆောက်ဖူးပါတယ်။ အီဂျစ်ပုံစံနဲ့ တင်ဆက်ဖူးသလို ရဲတိုက်ကြီးဆောက်ပြီး ရေနွေးငွေ့ရထားနဲ့ထွက်လာတာလည်း လုပ်ဖူးတယ်။ ဒီနှစ်မှာ ဘယ်လိုပုံစံ ထွက်လာမယ်ဆိုတာ စောင့်မျှော်အားပေးဖို့ပြောချင်ပါတယ်။ ကျွန်တော် မွေးနေ့ဖျော်ဖြေပွဲက မွေးနေ့ရှိုးဆိုတာထက် ပရိသတ်တွေ တစ်နှစ်တစ်ခါ တွေ့ဆုံကြတဲ့ Fan Gathering ဖြစ်ပါတယ်။ ဒါကြောင့် ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

 

မေး- SAI Cosmetix က အသစ်ထွက်မယ့် ကုန်ပစ္စည်းအသစ်တွေကရော။

ဖြေ- အဲဒါက နွေရာသီအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ နှုတ်ခမ်းနီအရောင် သုံးရောင်ကို မိတ်ဆက်ထားပါတယ်။ တစ်ခုကို Crush on You ၊ Merry Me ၊ Xo Xo လို့ နာမည်ပေးထားပါတယ်။ ပြီးတော့ SAI Mascara ကိုလည်း အသစ်ထပ်မံထုတ်ထားပါတယ်။ Love is in the air လို့ နာမည်ပေးထားပါတယ်။ Beauty Blogger တွေကတစ်ဆင့် မိတ်ဆက်ပါမယ်။

 

မေး- SAI Stardom official Fan Club ဖွဲ့မယ့်အကြောင်းကိုလည်း ရှင်းပြပေးပါဦး။

ဖြေ- ပရိသတ်များတောင်းဆိုမှုအရ ဒါကိုတည်ထောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော့်ပရိသတ်တွေကို ကျွန်တော့်ကိုအလင်းပေးနိုင်တဲ့ လမ်းပြပေးနိုင်တဲ့ ကြယ်ပွင့်လေးတွေလို့တင်စားပြီး SAI Stardom လို့နာမည်ပေးထားပါတယ်။ ကြယ်ပွင့်အရောင်လေးတွေကို အသုံးပြုသွားပါမယ်။ ဆောင်ပုဒ်ကိုတော့ ကျွန်တော်နဲ့ပရိသတ်တွေသုံးနေကျအတိုင်းပဲ Sentimental Relationship ပါ။ ကျွန်တော်နဲ့ပရိသတ်တွေကြားက နှစ်ပေါင်းများစွာရှိခဲ့ကြတဲ့ သံယော ဇဉ်နှောင်ကြိုးဖြစ်ပါတယ်။ အသင်းဝင်ကြေးကောက်ခံမှာဖြစ်ပါတယ်။ တစ်နှစ်လုံးအတွက် ကျပ် ၆၅၀၀ ကောက်ခံမှာဖြစ်ပါတယ်။ ဒီလိုဝင်တဲ့သူတွေအနေနဲ့ မကြာခင်ထွက်ရှိလာမယ့် စိုင်းစိုင်းက စိုင်းစိုင်းအယ်လ်ဘမ်နဲ့ Member Card ကိုအိမ်တိုင်ရာရောက် ပို့ပေးပါမယ်။ Member တွေဟာ တရားဝင်စိုင်းစိုင်းရဲ့ Membe တွေဖြစ်လာပြီး အထူးအခွင့်အရေးတွေ ရလာမှာဖြစ်ပါတယ်။ ဥပမာ-အမှတ်တရ တီရှပ်တွေထုတ်ဝေတာမျိုး၊ ရှိုးပွဲတွေမှာ အထူး Discount ပေးတာမျိုး၊ ဥပမာ- Member တွေ သီးသန့်တွေ့ဆုံတာမျိုး၊ Member သီးသန့်ပါဝင်တဲ့ ရှိုးပွဲစီစဉ်တာမျိုးစသဖြင့်ရှိလာနိုင်ပါတယ်။ SAI Stardom ကို Join မယ်ဆိုရင် www.saisaionline.com ကနေ register လုပ်ရမှာဖြစ်ပါတယ်။

March 28, 2018














Copy Protected by Chetan's WP-Copyprotect.