Pacific Rim က Black Panther ကို ကျော်တက်ပြီး ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာ

Pacific Rim က Black Panther ကို ကျော်တက်ပြီး ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာ
Published 27 March 2018

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက Pacific Rim: Uprising သည် ဝင်ငွေဒေါ်လာ ၂၈ သန်းရရှိပြီး မြောက်အမေရိကဒေသ၏ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာခဲ့သည်။

Black Panther သည် မြောက်အမေရိကမှ ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံး၌ သီတင်းငါးပတ်ဆက်တိုက် ရပ်တည်ခဲ့ပြီးနောက်၌ နောက်ဆက်တွဲသိပ္ပံအက်ရှင်ဇာတ်ကား Pacific Rim: Uprising မှာ ထိပ်ဆုံးနေရာသို့ တက်လာခြင်းလည်းဖြစ်သည်။

သို့သော် Pacific Rim: Uprising မှာ ၂၀၁၃ ခုနှစ်ကပြသခဲ့သည့် ပထမ Pacific Rim ရုပ်ရှင်၏ ပွဲဦးထွက်ဝင်ငွေ ၃၇ ဒသမ ၃ သန်းကိုမီခဲ့ခြင်းမရှိသလို ရုပ်ရှင်သုံးသပ်သူများ၏ မှတ်ချက်မှာ အကောင်း၊ အဆိုးရော ထွေးနေခဲ့သည်။

Uprising ၏ ဇာတ်လမ်းမှာ စစ်တပ်မှ စက်ရုပ်ကြီးများ၏ မောင်းနှင်သူ မျိုးဆက်သစ်များသည် လူသားမျိုးနွယ်ကို အဆုံးသတ်ရန် ရည်ရွယ်နေသည့် Kaiju မကောင်းဆိုးဝါးများ၏ အန္တရာယ်ကို တွန်းလှန်သည့်အကြောင်း ဖြစ်သည်။ Star Wars ထဲ၌ ပါထားသော ဂျွန်ဘိုယီဂါမှာ Universal မှ ထုတ်လုပ်သော ယခုရုပ်ရှင်ထဲတွင် အဓိကဇာတ်ဆောင်ဖြစ်သော ဂျိတ်ပန်တီကော့စ်နေရာမှ ပါဝင် သရုပ်ဆောင်ထားသည်။

ဂျွန်ဘိုယီဂါသည် Pacific Rim ပထမကားနှင့် Shape of Water တို့ကို ရိုက်ကူးသည့် ဒါရိုက်တာဖြစ်သော ဂွီလာမိုဒယ်တိုရိုနှင့်အတူ ယခုဇာတ်ကား၏ ထုတ်လုပ်သူ နေရာမှလည်း ပါဝင်ထားသည်။

Black Panther မှာမူ ဝင်ငွေဒေါ်လာ ၁၆ ဒသမ ၇ သန်းရရှိကာ စာရင်း၏ဒုတိယနေရာသို့ ကျဆင်းသွားခဲ့သည်။ သို့သော် ထိုရုပ်ရှင်သည် အမေရိကန်နှင့် ကနေဒါနိုင်ငံအတွင်း ဝင်ငွေ ဒေါ်လာ ၆၃၁ သန်း ရရှိထားပြီးဖြစ်သည့်အတွက် The Avengers (၂၀၁၂ ခုနှစ်) ကို ကျော်တက်ကာ အမေရိကန်တွင် ကာလတစ်လျှောက်လုံး ဝင်ငွေအများဆုံး စူပါဟီးရိုးရုပ်ရှင်ဖြစ်သွားပြီ ဖြစ်သည်။

တတိယနေရာတွင် ရှိနေသည်မှာ ဘတ်ဂျက်နိမ့် ဒရာမာရုပ်ရှင်ဖြစ်သော I Can Only Imagine ဖြစ်ပြီး ယင်းသည် ဝင်ငွေ ဒေါ်လာ ၁၃ ဒသမ ၈ သန်း ရရှိထားသည်။ အသစ်ထွက်ရှိလာသော အန်နီမေးရှင်းရုပ်ရှင် ဖြစ်သည့် Sherlocks Gnomes မှာမူ ဝင်ငွေ ဒေါ်လာ ၁၀ ဒသမ ၆ သန်းရရှိပြီး စာရင်း၏ စတုတ္ထနေရာတွင် ရပ်တည်နေသည်။ ၂၀၁၁ ခုနှစ်က ထွက်ရှိထားသည့် Gnomeo and Juliet ၏ နောက်ဆက်တွဲဖြစ်သော Sherlocks Gnomes ထဲတွင် ဂျိမ်းမက်အဗွိုင်း၊ အမ်မလီဘလန့်၊ ဂျော်နီဒပ် အစရှိသော နာမည်ကျော် သရုပ်ဆောင်တို့က အသံဖြင့် ပါဝင်သရုပ်ဆောင်ထားကြသည်။

Warner Bros မှ ထုတ်လုပ်သော Tomb Raider မှာမူ စာရင်း၏ ပဉ္စမနေရာသို့ ကျဆင်းသွားပြီး ဝင်ငွေဒေါ်လာ ၁၀ ဒသမ ၄ သန်း ရရှိထားသည်။ ဆွီဒင်မင်းသမီး အလက်စီယာဗီကန်ဒါက Lara Croft ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသော ထိုရုပ်ရှင်သည် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၄၁ ဒသမ ၇ သန်း ရရှိထားပြီးဖြစ်သည်။

Most Read

Most Recent