ဟာရီမင်းသားနှင့် မက်ဂန်မာခယ် မင်္ဂလာပွဲမတိုင်မီ ခရီးစဉ်တစ်ခုအဖြစ် မြောက်အိုင်ယာလန်သို့ သွားရောက်

ဟာရီမင်းသားနှင့် မက်ဂန်မာခယ် မင်္ဂလာပွဲမတိုင်မီ ခရီးစဉ်တစ်ခုအဖြစ် မြောက်အိုင်ယာလန်သို့ သွားရောက်
Published 25 March 2018

ဟာရီမင်းသားနှင့် ဇနီးလောင်း မက်ဂန်မာခယ်တို့သည် မင်္ဂလာပွဲမတိုင်မီ ခရီးစဉ်တစ်ခုအဖြစ် မတ် ၂၃ ရက်တွင် ကြိုတင် ကြေညာခြင်းမရှိဘဲ မြောက်အိုင်ယာလန်သို့ သွားရောက်ခဲ့သည်။

ဟာရီတို့စုံတွဲသည် မြောက်အိုင်ယာလန်ခရီးစဉ်တွင် ငြိမ်းချမ်းရေးတည်ဆောက်ရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး လူငယ်များနှင့် တွေ့ဆုံခဲ့သည်ဟု ကင်ဆင်တန်နန်းတော်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဟာရီနှင့် မာခယ်သည် Belfast မြို့၏ ထင်ရှားသည့် နေရာများသို့ သွားရောက်လည်ပတ်စဉ်အတွင်း ဒေသခံများနှင့်လည်း တွေ့ဆုံခဲ့သည်။ ၎င်းတို့စုံတွဲသည် Belfast မြို့လယ်ရှိ အထင်ကရဘားတစ်ခုဖြစ်သော Crown Liquor Saloon တွင် နေ့လယ်စာ သုံးဆောင်ခဲ့ပြီးနောက် Titanic ပြပွဲသို့ သွားရောက်ခဲ့ပြီး ၎င်းတို့၏ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။

ဟာရီနှင့် မာခယ်သည် ယမန်နှစ် နိုဝင်ဘာတွင် စေ့စပ်ခဲ့သည်ဟု ကြေညာခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနား၊ ပရဟိတပွဲ၊ ခရစ္စမတ်နေ့ဝတ်ပြုဆုတောင်းပွဲများသို့ အတူတက်ရောက်ခဲ့သည့်အပြင် လန်ဒန်၊ အီဒင်ဘရာနှင့် ကာဒစ်ဖ်မြို့များသို့လည်း သွားရောက်လည်ပတ်ခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဗြိတိန်တော် ဝင်မင်းသားဟာရီနှင့် အသက် ၃၆ နှစ်အရွယ်ရှိ အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲကို မေ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဧည့်သည် ၆၀၀ ကျော် ဖိတ်ကြားထားသည်ဟု ကင်ဆင်တန်နန်းတော်က ထုတ်ပြန်ခဲ့သည်။ ဟာရီနှင့် မာခယ်တို့၏ မင်္ဂလာပွဲ အမှတ်တရအဖြစ် ထုတ်လုပ်ထားသော ကြွေထည်ပစ္စည်းများကို မတ် ၂၃ ရက်တွင် စတင်ရောင်းချခဲ့သည်။ အမှတ်တရ ရောင်းချသည့် ကြွေထည်ပန်းကန်ပြားများတွင် အပြာရောင်နှင့် အဖြူရောင်ပန်းခက်များကို အသုံးပြုထားပြီး သတို့သားနှင့် သတို့သမီး၏ နာမည်အတိုကောက်များကို ရွှေရောင်ပန်းစာလုံးဖြင့် ရေးထိုးထားသည်။ ယင်းပန်းကန်ပြားများတွင် မင်္ဂလာပွဲကျင်းပမည့်နေရာဖြစ်သော ဝင်ဆာရဲတိုက်၊ စိန့်ဂျော့ချ်ဝတ်ပြုဆောင်အမည်ကိုလည်း ရေးထိုးထားသည်။ ယင်းကြွေထည်ပန်းကန်များကို ရွှေရည် ၂၂ ကာရက်ဖြင့် အနားကွပ်ထားသည်။ ယင်းကြွေထည်ပစ္စည်းများကို လန်ဒန်အနောက်မြောက်ပိုင်း မိုင် ၁၆၀ (၂၆၀ ကီလိုမီတာ)အကွာရှိ Stoke-on-Trent မြို့တွင် လက်ဖြင့်ပြုလုပ်ခဲ့သည်ဟု သိရသည်။ ကြွေထည်ပစ္စည်းများ ရောင်းချမှုမှရရှိသည့် အကျိုးအမြတ်များကို Royal Collection Trust ပရဟိတအဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်သည်။

Most Read

Most Recent