အကယ်ဒမီမြင့်မြတ်နှင့် တွေ့ဆုံခြင်း

အကယ်ဒမီမြင့်မြတ်နှင့် တွေ့ဆုံခြင်း
Published 25 March 2018

မတ် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီထူးချွန်ဆုများအား ကြေညာခဲ့ရာ၌ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုရှင်အဖြစ် သရုပ်ဆောင်မြင့်မြတ်အား ကြေညာခဲ့ရာ၌ အနုပညာရှင်များ၊ ပရိသတ်များ၏ ကျေနပ်ပျော်ရွှင်မှုများ ပြည့်လျှံခဲ့သည့်အပြင် တစ်နိုင်ငံလုံးမှ ပရိသတ်များကပါ ပျော်ရွှင်ကျေနပ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ အနုပညာလောကအတွင်း စတင်ဝင်ရောက်လာစဉ်ကတည်းကပင် အမူအရာပီပြင်သူ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ် အခိုင်အမာရရှိခဲ့သူမြင့်မြတ်က ဆယ်စုနှစ်တစ်ခုကြာ အနုပညာလောကအတွင်း ဖြတ်သန်းခဲ့ပြီးချိန်တွင် အကယ်ဒမီထူးချွန်ဆုအား ‘အမှောင်မှာရွာချတဲ့မိုးတိမ် (ကျွန်)’ ဇာတ်ကားဖြင့် ဆွတ်ခူးသွားနိုင်ခဲ့သူဖြစ်သည်။ ကြိုတင်မျှော်လင့်မထားဘဲ အကယ်ဒမီဆု ရရှိသွားခဲ့သည့်အတွက် ကိုယ်ကိုယ်တိုင်ထက် ပရိသတ်များအတွက် ပိုပျော်ပါသည်ဟု ဖွင့်ဟပြောဆိုခဲ့သည့် အကယ်ဒမီမြင့်မြတ်နှင့် တွေ့ဆုံ၍ အကယ်ဒမီအမှတ်တရများ၊ ဆုရရှိသည့်အပေါ် သဘောထားခံယူမှုများ အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - မြင့်မြတ်ရေ ပရိသတ်တွေ ရစေချင်သလိုပဲ အကယ်ဒမီဆုရသွားတဲ့အပေါ် ခံစားချက်လေး သိချင်ပါတယ်။

ဖြေ - ကျွန်တော့်ကို အကယ်ဒမီရစေချင်ကြတဲ့၊ ဆုတောင်းပေးကြတဲ့ မြန်မာနိုင်ငံတစ်ဝန်းက ပရိသတ်တွေ၊ we love အဖွဲ့သားတွေ၊ အွန်လိုင်းက ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ပရိသတ်တွေအားလုံးဖြစ်စေချင်တဲ့ အကယ်ဒမီမြင့်မြတ် ဖြစ်ပါပြီ။ ဒါကြောင့်ကျွန်တော့်ပရိသတ်တွေအားလုံးလည်း ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ ကိုယ်တိုင်အကယ်ဒမီရလို့ ပျော်တယ်ဆိုတာထက် ပရိသတ်တွေရဲ့ ကျွန်တော့်အတွက် အရမ်းဖြစ်စေချင်တဲ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ပိုပျော်ရတာပါ။

■ မေး - အရမ်းပျော်ပြီး အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတော့ ကြိုပြီးမျှော်လင့်မထားတာလား။

ဖြေ - ကြိုပြီးမမျှော်လင့်ထားပါဘူး။ ဒီနှစ်မှာက ဇာတ်ကားကောင်းတွေလည်း အများကြီးပါသလို အရမ်းတော်ကြတဲ့ အနုပညာရှင်တွေလည်း များတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်မှန်းလည်း မမှန်းရဲပါဘူး။ ဒါကြောင့် အခုလိုဆုရတယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ တော်တော်လေး စိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျေးဇူးတင်စကားပြောဖို့လည်း ဘာပြောရမယ်ဆိုတာတောင် သိပ်မစဉ်းစားမိဘူး။ အရမ်းစိတ်လှုပ်ရှားလွန်းလို့ ဘာပြောရမှန်းကို မသိဘူးဖြစ်သွားတယ်။ အဲဒီအတွက် ကျေးဇူးတင်စကားပြောဖို့ ကျန်ခဲ့တဲ့သူတွေရှိရင်လည်း ဒီနေရာကနေ တောင်းပန်ပါတယ်။ ကျွန်တော့်ကို မြင့်မြတ်ဆိုပြီး နေရာတစ်နေရာရလာဖို့ ကူညီပေးခဲ့တဲ့သူတွေ၊ သင်ကြားပေးခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ အဲဒီသူတွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့အရေးကြီးဆုံးလို့ ဆိုရမယ့် ပရိသတ်များကိုလည်း ကျွန်တော့်ဘဝမှာ အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်ဖို့လည်း အမြဲတမ်း ကြိုးစားရမှာပါ။

■ မေး - အကယ်ဒမီဆုရခဲ့တဲ့ အမှောင်မှာရွာချတဲ့မိုးတိမ် (ကျွန်) ဇာတ်ကားက ရုံတင်တုန်းကလည်း အခက်အခဲတွေရှိခဲ့တဲ့ ဇာတ်ကားဆိုတော့ အဲဒီအတွက် ခံစားမှုလည်းပြောပါဦး။

ဖြေ - အဲဒီဇာတ်ကားက ရိုက်ကူးတုန်းကလည်း ကျွန်တော်တို့အားလုံး ကြိုးစားခဲ့ရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားလေးမှာ ကျွန်တော်တို့အားလုံး သေချာအားထုတ် ပြင်ဆင်ခဲ့ကြပါတယ်။ ရုံတင်တုန်းကလည်း အခက်အခဲတွေ ရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ ဒီဇာတ်ကားလေးက အောင်မြင်ခဲ့တာကြောင့် ပရိသတ်များကိုပိုပြီး ကျေးဇူးတင်ရပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော့်အနေနဲ့ကတော့ ပါဝင်ရမယ့် ဇာတ်ရုပ်ကို အကောင်းဆုံးတော့ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။

■ မေး - မနှစ်တုန်းကလည်း မြင့်မြတ်ကို အကယ်ဒမီအတွက် ပရိသတ်တွေက ရင်ခုန်ပေးခဲ့ကြတယ်။ အခု ဒီနှစ်မှာလည်း ရင်ခုန်ပေးတယ်။ မနှစ်တုန်းက ရင်ခုန်ခဲ့ရတာနဲ့ အခုနှစ်မှာ တကယ်ဆုရသွားတဲ့ ခံစားချက်က ဘာကွာခြားလဲ။

ဖြေ - အဲဒီလိုတော့ သေချာမပြောတတ်ဘူး။ အကယ်ဒမီဆိုတာကတော့ အနုပညာရှင်တိုင်း တန်ဖိုးထားတဲ့ဆုပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ပရိသတ်များက အရမ်းရစေချင်တဲ့အတွက် ပရိသတ်တွေရဲ့ဆန္ဒကို ပိုပြီးဖြည့်ဆည်းပေးချင်တာပါ။ အခုနှစ်မှာ သူတို့တွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်နိုင်တော့ အရမ်းလည်းပျော်ရတယ်။ နောက်နှစ်တွေမှာလည်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေ၊ အားပေးမှုတွေနဲ့ ထိုက်တန်တဲ့ အနုပညာရှင်ကောင်းဖြစ်အောင် ကြိုးစားမှာဖြစ်သလို အခုထက်ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေ ပိုပြီးဖန်တီးသွားပါမယ်။

■ မေး - အကယ်ဒမီလည်းရတယ်။ ဒီနှစ်မှာ ရင်သွေးလည်းရတော့မယ်ဆိုတော့ အပျော်တွေဆင့်တဲ့ အမှတ်တရနှစ်လို့ ပြောလို့ရမလား။

ဖြေ - ဟုတ်ပြောလို့ရပါတယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်က အမှတ်တရပါ။ ကျွန်တော် အရမ်းဖြစ်ချင်တဲ့ ဖခင်တစ်ယောက်ဘဝကိုလည်း ရတော့မှာဖြစ်သလို ပရိသတ်တွေ မြင်တွေ့ချင်တဲ့ အကယ်ဒမီဆုကိုလည်း ရခဲ့တယ်ဆိုတော့ ထူးခြားတဲ့ အမှတ်တရနှစ်ပါပဲ။

■ မေး - အကယ်ဒမီဆုရှင်ဖြစ်သွားပြီဆိုတော့ အနုပညာဖန်တီးမှုတွေမှာ ပိုပြီးတာဝန်ကြီးမလား။

ဖြေ - ကျွန်တော်တော့ အဲဒီလိုကြီး စဉ်းစားတာမျိုးထက် ကျွန်တော်ရိုက်တဲ့ဇာတ်ကားတိုင်းကို ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်အောင်ပဲ ကြိုးစားပါတယ်။ အကယ်ဒမီရလို့ပိုပြီး တာဝန်ကြီးတယ်ဆိုတာထက် ပရိသတ်က ကျွန်တော့်အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ အဲဒါတွေက ပိုပြီးတာဝန်ကြီးတာပါ။ အဲဒါတွေနဲ့ ထိုက်တန်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ဖို့လည်း အမြဲတမ်းကြိုးစားနေပါတယ်။

■ မေး - ဒီနှစ်ထဲမှာ ဘယ်လိုအနုပညာဖန်တီးမှုတွေ ဆက်လုပ်သွားဖြစ်မလဲ။

ဖြေ - ဒီနှစ်ထဲမှာတော့ မတူကွဲပြားတဲ့ဇာတ်လမ်းမျိုးတွေ ရိုက်နေပါတယ်။ ရိုက်ထားပြီးသား ဇာတ်လမ်းတွေ ရုံတင်ဖို့တွေလည်း ရှိတယ်။ အဲဒီထဲမှာ ပရိသတ်တွေမြင်ချင်ကြတဲ့ ရိုးမန့်စ်ဒရာမာဇာတ်လမ်းစစ်စစ်တွေ၊ ကျွန်တော့်ကို ပရိသတ်တွေ တောင်းဆိုကြတဲ့ ဟဲဗီးဒရာမာဇာတ်ကားမျိုးတွေပါသလို အက်ရှင်အသားပေး ဇာတ်ကားတွေလည်း ပါပါတယ်။ ဇာတ်လမ်းစုံအောင်တော့ရွေးပြီး ရိုက်ပါတယ်။ ကျွန်တော့်ထုတ်လုပ်ရေးကလည်း ဇာတ်ကားတွေ ရိုက်ထားတာ ရှိသေးတယ်ဆိုတော့ ဒီနှစ်ထဲမှာလည်း မတူကွဲပြားတဲ့ ဇာတ်ကားတွေ ကြည့်ရဦးမှာပါ။

■ မေး - ဂျင်းကောင်ဇာတ်ကားလည်း ထပ်ရိုက်ထားပြီးပြီဆိုတော့ စိတ်ကျေနပ်မှုအပြည့်ရှိရဲ့လား။

ဖြေ - ရှိပါတယ်။ ဂျင်းကောင်ဆိုတာက တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးခဲ့ကြတဲ့ ဇာတ်ကောင်ဖြစ်တဲ့အတွက် အခုထပ်ရိုက်တဲ့ ရုပ်ရှင်ကားကြီးကိုလည်း မရိုက်ခင်ကတည်းက သေချာပြင်ဆင်သလို တကယ်ရိုက်ပြီးသွားတဲ့အခါလည်း အများကြီးကျေနပ်သလို ပရိသတ်လည်း ကျေနပ်ကြမယ် ထင်ပါတယ်။

■ မေး - ပရိသတ်တွေနဲ့ အမှတ်တရ အစီအစဉ်တစ်ခုခု လုပ်ဖို့ရှိမလား။

ဖြေ - ဟုတ် လုပ်ဖြစ်မယ်ထင်ပါတယ်။ ပရိသတ်တွေလည်း စီစဉ်ကြမယ်ထင်ပါတယ်။

■ မေး - ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်လေးများရှိရင် ပြောပေးပါဦး။

ဖြေ - ပရိသတ်တွေ အရမ်းမျှော်လင့် ဆုတောင်းပေးကြတဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် အရမ်းပျော်ရွှင်ရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေမှာ ကြိုးစားနေမှာပါ။ ပရိသတ်တွေကိုလည်း အနုပညာနဲ့ပဲ ကျေးဇူးဆပ်ပါမယ်လို့ ပြောချင်ပါတယ်။

Most Read

Most Recent