၂၀၁၇ ခုနှစ်အတွက်ပေးအပ်ခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲနဲ့ ထူးခြားမှုများ

၂၀၁၇ ခုနှစ်အတွက်ပေးအပ်ခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲနဲ့ ထူးခြားမှုများ
Published 24 March 2018

ဒီနှစ်မှာ ရွေးချယ်ပြုလုပ်ခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲနဲ့ ထူးခြားချက်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

■ ဇာတ်ကားအရေအတွက်များပြားမှုနဲ့ ဆန်ခါတင်စာရင်း ထုတ်ပြန်မထားတဲ့ အကယ်ဒမီ

အခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲရဲ့ ထူးခြားမှုတစ်ခုအနေနဲ့ကတော့ ဇာတ်ကားအရေအတွက် များပြားလွန်းတာဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဇာတ်ကားအရေအတွက် အများဆုံးပါဝင်ခဲ့တာဖြစ်ပြီး ဇာတ်ကား ၅၃ ကားထဲက အကယ်ဒမီထူးချွန်ဆုတွေကို ရွေးချယ်ပေးအပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင်အကယ်ဒမီဆုတွေကို ရွေးချယ်စိစစ်ရာမှာ အရင်နှစ်တွေက ပထမအဆင့် စိစစ်အကဲဖြတ်မှုတွေအပြီးမှာ ဒုတိယအဆင့်ကို တက်ရောက်သွားတဲ့ အကယ်ဒမီဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပေမယ့် အခုနှစ်မှာတော့ ထုတ်ပြန်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာ ဇာတ်ကား ၅၃ ကား ပြသခဲ့တဲ့အနက် ၂၀ ရာခိုင်နှုန်းသာ ဒုတိယဆင့်ကို ပါဝင်ခဲ့တယ်လို့သာ အကဲဖြတ်အဖွဲ့ဝင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

■ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့နေရာ

အခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲကို တော့အရင်နှစ်တွေက ကျင်းပခဲ့ဖူးတဲ့နေရာတွေမှာ ကျင်းပခဲ့တာမဟုတ်ဘဲ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Event Park မှာပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်သလို ပွဲကျင်းပရာနေရာ Red Carpet လျှောက်လမ်းမှာ ၂၀၁၇ အတွင်းပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတချို့ရဲ့ ပိုစတာပုံတူပန်းချီကားတွေကို ချိတ်ဆွဲပြသခဲ့တာလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့အမြင်တစ်မျိုးနဲ့ ပရိသတ်တွေကို တွေ့မြင်စေခဲ့တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

■ အနုပညာရှင်တွေရဲ့ ရင်သွေးငယ်တွေကို ပွဲထုတ်သွားမယ့် အကယ်ဒမီအကူမောင်မယ်အဖြစ် ပါဝင်စေတဲ့အစီအစဉ်

အကယ်ဒမီပွဲကျင်းပခဲ့တဲ့ အစဉ်အလာတစ်လျှောက်မှာ အကယ်ဒမီဗန်းကိုင်များကလည်း အစဉ်အလာကြီးခဲ့ကြသူများလို့ ဆိုရမှာဖြစ်ပါတယ်။ အကယ်ဒမီဗန်းကိုင်အနေနဲ့ ဘယ်မျိုးဆက်သစ်အနုပညာရှင်က ပါဝင်ခွင့်ရတယ်ဆိုတာကို အကယ်ဒမီပွဲကျင်းပချိန်တိုင်းမှာ စောင့်ကြည့်အားပေးခဲ့ကြရပြီး အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခဲ့ရာက အနုပညာလောကထဲ ရောက်ရှိအောင်မြင်နေသူ အများအပြားလည်း ရှိနေတာဖြစ်ပါတယ်။ အခုနှစ်မှာတော့ အကယ်ဒမီဗန်းကိုင်တွေကို လျှောက်လွှာခေါ်ယူခြင်းမပြုတော့ဘဲ အနုပညာရှင်များရဲ့ ရင်သွေးငယ်တွေထဲကသာ ရွေးချယ်ပွဲထုတ်ဖို့ စီစဉ်ထားတာပါ။ ဝါရင့်အနုပညာရှင်များရဲ့ မျိုးဆက်သစ် ရင်သွေးငယ်တွေက အကယ်ဒမီအကူမောင်မယ်တွေအနေနဲ့ ပါဝင်ခဲ့ပါတယ်။

■ လူငယ်မျက်နှာသစ် ဖန်တီးသူများရဲ့ ‘ည’ ဇာတ်ကားအတွက် ပရိသတ်ရင်ခုန်မျှော်လင့်မှု

ဖန်တီးမှုအသစ်တွေကို တခဲနက်အားပေးကြသလို အပြောင်းအလဲဆိုတာကို လက်ခံယုံကြည်ပေးခဲ့ကြတဲ့ ၂၀၁၇ နဲ့ ၂၀၁၈ ကာလများက မြန်မာ့ရုပ်ရှင်အတွက် ကြီးမားတဲ့အပြောင်းအလဲကာလတစ်ခုလို့ ဆိုရမှာပါ။ ထိပ်တန်းမင်းသားမင်းသမီးတွေ ပါဝင်မှုကိုကြည့်ပြီး ဇာတ်ကားရွေးချယ်ကြည့်ရှုမှုပုံစံကနေ အသစ်အသစ်သောဖန်တီးမှုတွေကို လက်ခံအားပေးဖို့ အစပြုလာတဲ့နှစ်ကာလတွေလို့လည်း ဆိုရမှာဖြစ်ပါတယ်။ အခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာတော့ လူငယ်မျက်နှာသစ် အနုပညာရှင်တွေရဲ့ ဖန်တီးအားထုတ်မှုအနုပညာ ‘ည’ ဇာတ်ကားအတွက် ပရိသတ်များက ရင်ခုန်မျှော်လင့်ပေးခဲ့ကြပါတယ်။ ပထမဆုံးဇာတ်ကားဖြစ်ပေမယ့် အကောင်းဆုံးဖန်တီးမှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ‘ည’ ဇာတ်ကားရဲ့ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ တည်းဖြတ်ထူးပိုင်ဇော်ဦး၊ director of photography ကိုသိဒ္ဓိအပါအဝင် လူငယ်ဖန်တီးသူတွေအတွက် ရင်ခုန်မျှော်လင့်ပေးခဲ့ကြတာဖြစ်ပါတယ်။

■ ခေတ်နှောင်းဝတ်ဆင်မှု ဟန်ပန်ကို တစ်ကျော့ပြန်ဆင်ယင်မှု များပြားခဲ့တဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်

အခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီပွဲတက်ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့ကြရာမှာတော့ ခေတ်နှောင်းအမျိုးသမီးတွေ ဝတ်ဆင်ဟန်ကို အခြေခံတဲ့ ဟန်ပန်ဖက်ရှင်တွေကို အဓိကအသားပေး ဝတ်ဆင်ကြတာကို တွေ့မြင်ရပါတယ်။ အချို့နှစ်တွေရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲတွေမှာ အနုပညာရှင်အချို့က မြန်မာဝတ်စုံကိုမှ သရုပ်ပျက်ဟန်ပန် ရောနှောဝတ်ဆင်ခဲ့ပေမယ့် အခုနှစ်မှာတော့ အနုပညာရှင်အားလုံးလိုလိုက မြန်မာဆန်ဆန်ကျက်သရေရှိရှိ ဝတ်စားဆင်ယင်မှုဟန်ပန်နဲ့ အကယ်ဒမီပွဲတက်ခဲ့ကြတာကို တွေ့မြင်ကြရမှာပါ။ ဒါကြောင့် ခုနှစ်အကယ်ဒမီပေးပွဲဖက်ရှင်တွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲလာတဲ့ဖက်ရှင်တွေလို့လည်း ဆိုရမှာဖြစ်ပါတယ်။

■ ထူးထူးခြားခြား ထည့်သွင်းပေးအပ်ခဲ့တဲ့ ရုပ်ရှင်တစ်သက်တာဆု

အခုနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ထူးခြားမှုအနေနဲ့ ရုပ်ရှင်တစ်သက်တာ ဆုတစ်ဆုကိုလည်း ထည့်သွင်းပေးအပ်ခဲ့ပါတယ်။ ရုပ်ရှင်လောကအတွက် တန်ဖိုးထားလေးစားရသူတစ်ဦးကို ထိုက်တန်စွာ ချီးမြှင့်ပေးအပ်တဲ့ ဆုလည်းဖြစ်ပါတယ်။ ဆုကိုချီးမြှင့်ရာမှာတော့ လစဉ်တစ်လကို ကျပ်ငါးသိန်း ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး ရုပ်ရှင်အနုပညာနဲ့ အနုပညာအပေါ်ထားတဲ့ မြတ်နိုးတန်ဖိုးထားစိတ်ကိုပါ ဂုဏ်ပြုချီးမြှင့်တဲ့ဆုလည်းဖြစ်ပါတယ်။ အကယ်ဒမီသမိုင်းကြောင်းမှာ ပထမဆုံးအကြိမ် ပေးအပ်နိုင်ခဲ့တဲ့ဆုလို့လည်း ဆိုရမှာဖြစ်ပါတယ်။

■ ဆုအရေအတွက် ၁၁ ဆုလုံး ပြန်လည်ပေးအပ်နိုင်ခဲ့တဲ့ နှစ်

၁၉၅၂ ခုနှစ်က စတင်ပေးအပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေကို နှစ်အလိုက် ဆုအမျိုးအစားတွေ တိုးမြှင့်ပေးအပ်ခဲ့ရာမှာ ဆုအရေအတွက် ၁၁ ဆုထိ ပေးအပ်နိုင်ခဲ့ပေမယ့် နှစ်ကာလကြာမြင့်လာပြီးနောက် ကျန်ရှိခဲ့တဲ့နှစ်ကာလတချို့မှာ အနုပညာပိုင်းဆိုင်ရာ ဆုတချို့နဲ့ အတတ်ပညာပိုင်းဆိုင်ရာ ဆုတချို့ကို ချန်လှပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အခုနှစ်မှာတော့ ထူးခြားမှုအနေနဲ့ အရင်သတ်မှတ်ထားခဲ့တဲ့ ဆုအမျိုးအစား ၁၁ ဆုလုံးကို ပေးအပ်ချီးမြှင့်နိုင်ခဲ့တဲ့ နှစ်တစ်နှစ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် ပေးအပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကတော့ ပြီးမြောက်သွားခဲ့ပြီဖြစ်ပါတယ်။ အခုနှစ်မှာကျင်းပခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ထူးခြားချက်အများအပြားပါဝင်ခဲ့သလို ပရိသတ်များရဲ့ရင်ခုန်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့လည်း အများစုထပ်တူကျခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူများအားလုံးလည်း ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေနဲ့ထပ်တူ ပျော်ရွှင်ချမ်းမြေ့မယ်လို့ ယုံကြည်မိပါတယ်။

Most Read

Most Recent