ထိပ်တန်းတီးဝိုင်းများ၏ ဖျော်ဖြေပွဲများ၊ တေးသံရှင်များ စုပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲများ၊ ဖက်ရှင်ရှိုးပွဲများအား ယခုတစ်ပတ် အားလပ်ရက်တွင် ပြုလုပ်မည်

ထိပ်တန်းတီးဝိုင်းများ၏ ဖျော်ဖြေပွဲများ၊ တေးသံရှင်များ စုပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲများ၊ ဖက်ရှင်ရှိုးပွဲများအား ယခုတစ်ပတ် အားလပ်ရက်တွင် ပြုလုပ်မည်
Published 24 March 2018

တောင်ကြီးမြို့၌ သွားရောက်ဖျော်ဖြေမည့် တေးသံရှင်ဝေလ

ထိပ်တန်းတီးဝိုင်းများ၏ ဖျော်ဖြေပွဲများ၊ တေးသံရှင်များ စုပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲများ၊ ဖက်ရှင်ရှိုးပွဲများအား ယခုတစ်ပတ်အားလပ်ရက်ဖြစ်သည့် မတ် ၂၄ ရက်နှင့် ၂၅ ရက်များတွင် ပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဂီတဖျော်ဖြေပွဲများတွင် မတ် ၂၄ ရက် ညပိုင်း၌ Idiots ဂီတအဖွဲ့၏ ဖျော်ဖြေမှုနှင့်အတူ အခြားသောဂီတအဖွဲ့များပါဝင်သည့် Youk$ hi ဂီတဖျော်ဖြေပွဲ၊ Iron Cross တီးဝိုင်း၏ ပုသိမ်မြို့၌ ပြုလုပ်မည့်ဖျော်ဖြေပွဲ၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်မည့် The Evolution- The Beat ဂီတဖျော်ဖြေပွဲ၊ မြန်မာ့ရုပ်ရှင်ရွှေခေတ် အနုပညာလက်ဆင့်ကမ်း တင်ဆက်မှုများအဖြစ် ပြုလုပ်မည့် ရွှေခေတ်လက်ဆင့်ကမ်းခြင်း အနုပညာဖျော်ဖြေတင်ဆက်မှု၊ ထိပ်တန်းရော့ခ်တေးသံရှင် သုံးဦး ဖျော်ဖြေမည့် ‘90's Rock Legend’ ဂီတဖျော်ဖြေပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မတ် ၂၅ ရက်ညပိုင်းတွင် ရန်ကုန်မြို့၌ စစ်ဘေးရှောင်တိုင်းရင်းသားများနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသူများအား လှူဒါန်းမည့် ကချင်တိုင်းရင်းသားဒီဇိုင်နာများ၏ ဖက်ရှင်ရှိုးအစီအစဉ်၊ နေပြည်တော်၌ ပြုလုပ်မည့် Garnier Men Music Tour ဂီတဖျော်ဖြေပွဲအစီအစဉ်များအား ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ “အခုတစ်ပတ်အားလပ်ရက်မှာတော့ ဖျော်ဖြေပွဲတွေအများကြီးပါ။ ရန်ကုန်မှာလည်း ဖျော်ဖြေပွဲတွေစီစဉ်ထားကြသလို နယ်မြို့ကြီးတွေမှာလည်း ဖျော်ဖြေပွဲတွေလုပ်ကြမှာဖြစ်ပါတယ်။ အဓိကတော့ အထက်တန်းစာမေးပွဲတွေ ပြီးတဲ့အချိန်ဖြစ်တဲ့အပြင် သြင်္ကန်လည်းရောက်တော့မှာဆိုတော့ ပွဲတွေဆက်တိုက်စီစဉ်ကြတာပါ။ သြင်္ကန်အထိကတော့ ဖျော်ဖြေရေးတွေ ဆက်တိုက်ဆိုသလိုရှိကြပါတယ်။ မြို့ကြီးအများအပြားမှာ ကျင်းပကြမှာဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူတစ်ဦးက ဆိုသည်။

မတ် ၂၄ ရက်တွင်ပြုလုပ်မည့် Youk$ hi ဂီတဖျော်ဖြေပွဲတွင် Idiots အဖွဲ့နှင့်အတူ Eternal Gosh နှင့် တေးသံရှင် ထွန်းနောင်ဆင့်တို့လည်း ပါဝင်မည်ဖြစ်ကာ Hard Rock Cafe ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနေ့တွင်ပင် ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ ပြုလုပ်မည့် ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်ဇော်ဝင်းထွဋ်၊ ချစ်ကောင်းနှင့် ဂျေမောင်မောင်တို့ တင်ဆက်မည်ဖြစ်သည်။ ပုသိမ်မြို့၌ကျင်းပမည့် Iron Cross တီးဝိုင်း၏ဖျော်ဖြေပွဲတွင် တေးသံရှင်လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့က ပါဝင်တင်ဆက်မည်ဖြစ်ပြီး Royal Club Whisky ၏ Music Tour အဖြစ်ဖျော်ဖြေမည်ဖြစ်သည်။ တောင်ကြီးမြို့၌ ပြုလုပ်မည့် The Evolution- The Beat ဖျော်ဖြေပွဲတွင် တေးသံရှင်ဝေလ၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဘန်နီဖြိုး၊ G-Fatt၊ တင်ဇာမော်တို့ ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင်ရွှေခေတ် အနုပညာလက်ဆင့်ကမ်း တင်ဆက်မှုကို မတ် ၂၄ ရက် နံနက် ၁၀ နာရီတည်းကပင် ဝန်ကြီးများရုံး၌ ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၅ ရက်ညပိုင်းတွင် ရန်ကုန်မြို့တော်ဝင် ဂါးဒင်းဟိုတယ်၌ပြုလုပ်မည့် ကချင်တိုင်းရင်းသားဒီဇိုင်နာများ၏ ဖက်ရှင်ရှိုးတွင် ကချင်ဒီဇိုင်နာများဖြစ်သည့် Y Stone (Yaw Bawn)၊ Lazing Gam Htoi၊ Seng Lat (Maka)၊ Zaw Seng (Man Made)၊ G-Htu Aung၊ Ah Put၊ Ah Lat Lumyang၊ Mr.Jet (Laiza) တို့၏ ဖက်ရှင်လက်ရာဒီဇိုင်းများအား ထိပ်တန်းမော်ဒယ်လ်များက ဝတ်ဆင်ပြသမည်ဟု သိရသည်။ နေပြည်တော်၌ မတ် ၂၅ ရက်ညပိုင်းတွင် ပြုလုပ်မည့် Garnier Men Music Tour တွင် တေးသံရှင်လွှမ်းပိုင်၊ ထက်ယံ၊ နေမင်းအိမ်၊ မိစန္ဒီ၊ စူပါမော်ဒယ်လ်၊ ဝိုင်းလေးတို့ ပါဝင်တင်ဆက်မည်ဖြစ်သည်။

Most Read

Most Recent