ပရိသတ်စိတ်ဝင်စားမှုများခဲ့သည့် ‘ဒုဋ္ဌဝတီကိုလွန်၍’ အပါအဝင် ရုပ်ရှင်ဇာတ်ကားလေးကား မိတ်ဆက်

ပရိသတ်စိတ်ဝင်စားမှုများခဲ့သည့် ‘ဒုဋ္ဌဝတီကိုလွန်၍’ အပါအဝင် ရုပ်ရှင်ဇာတ်ကားလေးကား မိတ်ဆက်
Published 23 March 2018

တစ်မိနစ်စာဗီဒီယိုဖိုင်အား လွှင့်တင်ရာ၌ပင် ပရိသတ်စိတ်ဝင်စားမှု များပြားခဲ့သည့် ‘ဒုဋ္ဌဝတီကိုလွန်၍’ အပါအဝင် ရုပ်ရှင်ဇာတ်ကားလေးကားအား မိတ်ဆက်ရှင်းလင်းခြင်းကို မတ် ၂၁ ရက်က ရန်ကုန်မြို့ Novotel Hotel ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မိတ်ဆက်ရှင်းလင်းပွဲတွင် Golden Hour Entertainment မှစီစဉ်ပြီး ဒါရိုက်တာအာကာရိုက်ကူးသော ‘ဒုဋ္ဌဝတီကိုလွန်၍’၊ ‘ကြိုးဖုန်း’၊ ‘ကမ္ဘာနှစ်ထပ်’ ဇာတ်ကားသုံးကားနှင့် ဒါရိုက်တာစတီး(လ်) ဒွေးမေတ္တာရိုက်ကူးသော ‘အဆိပ်ရှိလူရိုင်း’ ဇာတ်ကားများကို မိတ်ဆက်ပြသခဲ့သည်။

“ကျွန်တော်ရုပ်ရှင်တွေကိုရိုက်တဲ့အခါ အာမခံနိုင်တာတစ်ခုက ပရိသတ်တွေကို ဘယ်တော့မှဂျင်းမထည့်ဘူး။ ဂျင်းကား ဘယ်တော့မှမရိုက်ဘူး။ ကျွန်တော့်ဇာတ်ကားကို ကြည့်လိုက်တဲ့အခါ စိတ်ကျေနပ်မှုတစ်ခု ရသွားအောင်တော့ ကျွန်တော်ကြိုးစားတယ်။ အဲဒါသေချာတယ်။ နှစ်မျိုးခွဲထားတယ်။ ဒုဋ္ဌဝတီကိုလွန်၍ ဇာတ်ကားမျိုးဆိုရင် အနုပညာအရ ကျန်ကိုကျန်ရမယ့်ဇာတ်ကားမျိုး၊ ငွေကြေးအကျိုးအမြတ်မရလည်း ကိစ္စမရှိဘူး။ နောက်တစ်မျိုးကတော့ ဖျော်ဖြေရေးပေးတဲ့ ဇာတ်ကားမျိုး။ အဲဒါလည်း ကြည့်ရတဲ့အချိန်မှာတော့ ပရိသတ်အတွက် ကျေနပ်စေမယ်။ Message တစ်ခုခုလည်းပါအောင်တော့ ကြိုးစားတယ်။ အဲဒါမျိုး ခွဲခြားဖန်တီးဖြစ်ပါတယ်။ ဇာတ်ကားတစ်ကား မရိုက်ခင်မှာကတည်းက အားလုံးကြိုတင်ပြင်ဆင်တယ်။ အပင်ပန်းခံပြီးဖန်တီးပါတယ်” ဟု ဒါရိုက်တာ အာကာက ဆိုသည်။

‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားတွင် နိုင်းနိုင်း၊ ဇော်ဇော်အောင်၊ အမွန်းတို့က အဓိကပါဝင်ထားပြီး ‘ကြိုးဖုန်း’ ဇာတ်ကား၌ ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်၊ အောင်ရဲထွေး၊ ရွှေအိမ်စည် စသူတို့ပါဝင်ထားသည်။ ‘ကမ္ဘာနှစ်ထပ်’ ဇာတ်ကားတွင် နိုင်းနိုင်း၊ မေကဗျာ၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ပါဝင်ထားကာ ‘အဆိပ်ရှိလူရိုင်း’ ဇာတ်ကားတွင် နိုင်းနိုင်း၊ ထွန်းကိုကို၊ ရွှေသမီး၊ မေမြင့်မိုရ်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်ဟု သိရသည်။
လင်းလင်းခိုင်

Most Read

Most Recent