<

ပေါ်တူဂီအကောင်းဆုံးဆုပေးပွဲတွင် စကိုလာရီကို တရုတ်နိုင်ငံအကြောင်း စီရော်နယ်လ်ဒို မေးမြန်း

ပေါ်တူဂီ အကောင်းဆုံးဆုနှင့်အတူ တွေ့ရသည့် စီရော်နယ်လ်ဒို (Photo: FPF)

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် မတ် ၁၉ ရက်က လစ္စဘွန်းမြို့၌ ပြုလုပ်ခဲ့သော ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်၏ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်စဉ် ပေါ်တူဂီအသင်းနည်းပြဟောင်း စကိုလာရီအား တရုတ်နိုင်ငံအကြောင်း မေးမြန်းခဲ့ကြောင်း စကိုလာရီ၏ ပြောကြားချက်ကို ကိုးကားပြီး Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ စကိုလာရီမှာ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းကို နှစ်ရာသီကြာ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်ရာသီကုန်ကမှ အသင်းနှင့် စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။

“စီရော်နယ်လ်ဒိုက ကျွန်တော့်ကိုတရုတ်မှာ နေထိုင်ခဲ့ရတာ အဆင်ပြေလားလို့ တစ်ကြိမ်ထက်မက မေးမြန်းခဲ့ပါတယ်။ ဘာကြောင့် သူတရုတ်မှာ သွားမကစားနိုင်ရမှာလဲ။ စီရော်နယ်လ်ဒိုရဲ့ အမှတ်တံဆိပ်က ကြီးမားတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ တရုတ်ကလည်း ကမ္ဘာ့အကြီးဆုံးနိုင်ငံတစ်နိုင်ငံပါ။ လက်ရှိအချိန်မှာ လူတိုင်းလိုလို တရုတ်ကိုသွားဖို့ အခွင့်အရေးရှိနေတယ်လို့ ကျွန်တော် သူ့ကိုပြောခဲ့ပါတယ်” ဟု စကိုလာရီက ဘရာဇီးလ်ရုပ်သံ Esporte Interativo သို့ ဖွင့်ဟခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိနေပြီး လတ်တလောတွင် စာချုပ်သစ်အတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကာ တစ်နှစ်လစာ ပေါင်သန်း ၃၀ ၀န်းကျင် ရရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပေါ်တူဂီအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင် သုံးဦးစာရင်းတွင် စီရော်နယ်လ်ဒိုနှင့်အတူ မန်စီးတီးတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗား၊ စပို့တင်းလစ္စဘွန်းအသင်းဂိုးသမား ပတ်ထရီစီယိုတို့ ပါဝင်ခဲ့ကြပြီး စီရော်နယ်လ်ဒိုက ဆန္ဒမဲစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းအထိရရှိကာ ယင်းဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ပတ်ထရီစီယိုက ၁၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ဘာနာဒိုဆေးလ်ဗားက ၁၇ ရာခိုင်နှုန်းဖြင့် တတိယ အသီးသီးရရှိခဲ့ကြသည်။ အကောင်းဆုံးနည်းပြဆုကိုမူ မိုနာကိုအသင်းအား ပြင်သစ်အမှတ်ပေးချန်ပီယံဆု ရယူပေးခဲ့သည့်အပြင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့သည့် လီယိုနာဒိုယာဒင်းက ရရှိခဲ့ပြီး မန်ယူနည်းပြ မော်ရင်ဟိုမှာ ပေါ်တူဂီဘောလုံးကို ကမ္ဘာ့တစ်ဝှမ်းသို့ လူသိထင်ရှားပျံ့နှံ့စေခဲ့မှုဖြင့် ဗာစကိုဒဂါးမားဆု ဆွတ်ခူးခဲ့သည်။

March 21, 2018














Copy Protected by Chetan's WP-Copyprotect.