လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် ကြုံခဲ့ဖူးသည်ဟု ဂျနီဖာလိုပက်ဇ် ထုတ်ဖော်ပြောကြား

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် ကြုံခဲ့ဖူးသည်ဟု ဂျနီဖာလိုပက်ဇ် ထုတ်ဖော်ပြောကြား
Published 19 March 2018

အဆိုတော်၊သရုပ်ဆောင်ဂျနီ ဖာလိုပက်ဇ်က အနုပညာလောကသို့ ဝင်ရောက်ခဲ့သည့် အစောပိုင်းကာလများတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့်ကြုံတွေ့ခဲ့ဖူးသည်ဟု ထုတ်ဖော် ပြောကြားသည်။ အနုပညာလောက သို့ ဝင်ရောက်ခါစတွင် ဒါရိုက်တာတစ်ဦးက မိမိ၏ ရင်သားများပြသရန်  တောင်းဆိုခဲ့သည်ဟု လိုပက်ဇ် က Harper's Bazaar မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

“အခြားအမျိုးသမီးတွေလိုမျိုး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုမျိုး မကြုံခဲ့ဖူးပေမယ့် ဒါရိုက်တာတစ်aယာက်က ကျွန်မကိုအင်္ကျီချွတ်ပြီး ရင်သားတွေ ပြခိုင်းခဲ့တယ်။ ကျွန်မ မလုပ်နိုင်ဘူးလို့ ပြောခဲ့တယ်။ အဲဒီလိုအပြောခံရတဲ့အချိန်မှာ ကျွန်မ ထိတ်လန့်ခဲ့တယ်” ဟု လိုပက်ဇ်က ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသားသည် ၎င်း၏အစောပိုင်းဇာတ်ကားများကို ရိုက်ကူးပေးသည့် ဒါ ရိုက်တာတစ်ဦးဖြစ်သည်ဟု လိုပက်ဇ်က ပြောကြားခဲ့သော်လည်း ယင်းအမျိုးသား၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အကသမားနှင့် အဆိုတော်အဖြစ် အနုပညာလုပ်ငန်းများကို စတင်ခဲ့သည့် လိုပက်ဇ်သည်  ရုပ်ရှင် ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းတွဲများတွင်လည်း ပါဝင်သရုပ်ဆောင် ခဲ့သည်။ လိုပက်ဇ်သည် American Idol သီချင်းဆိုပြိုင်ပွဲ အစီအစဉ်၏ အကဲဖြတ်ဒိုင်နှင့် Shades Of Blue ဇာတ်လမ်းတွဲ၏ အဓိက သရုပ်ဆောင်တစ်ဦးအဖြစ်လည်း အောင်မြင်မှု ရရှိခဲ့သည်။ လိုပက်ဇ်သည် World of Dance ဇာတ်လမ်းတွဲနှင့်  Second Act ဇာတ်ကားရိုက်ကူးရေးတွင် စီစဉ်ထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့သည်။

ဟောလိဝုဒ်အထင်ကရထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်း၏ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့ပြီးနောက်  ဟောလိဝုဒ်တွင် သြဇာကြီးသည့် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ထုတ်ဖော်ပြောကြားသည့်  #MeToo လှုပ်ရှားမှုများ လူမှုမီဒီယာတွင် ပျံ့ နှံ့ခဲ့သည်။ အသက် ၄၈ နှစ်အရွယ်ရှိ လိုပက်ဇ်သည်  #MeToo လှုပ်ရှားမှုတွင် ပါဝင်လာသည့် နောက်ဆုံး အနုပညာရှင်တစ်ဦးဖြစ်သည်။ လိုပက်ဇ်သည် Time's Up လှုပ်ရှားမှုအတွက်လည်း တက်တက်ကြွကြွ ထောက်ပံ့ပေးခဲ့သူတစ်ဦးဖြစ်သည်။ လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို နှိမ်နင်းရန်ရည်ရွယ်သည့် Time's Up လှုပ်ရှားမှုကို ဟောလိဝုဒ်အနုပညာရှင်များက ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် စတင်တည်ထောင်ခဲ့သည်။  လိင်ပိုင်းဆိုင်ရာစော်ကားခံရသည့်  အမျိုးသမီးများအတွက် ဥပဒေအရ ဆောင်ရွက်ပေးရန် ယင်းလှုပ်ရှားမှုက ရန်ပုံငွေ ဒေါ်လာ ၂၁ သန်း ကျော် ကောက်ခံပေးခဲ့သည်။

Most Read

Most Recent