Life of Pi သရုပ်ဆောင် အာဖန်ခန်းက ရှားပါးသည့် အကျိတ်တစ်မျိုးဖြစ်ပွားနေသည်ဟု ထုတ်ဖော်ပြောကြား

Life of Pi သရုပ်ဆောင် အာဖန်ခန်းက ရှားပါးသည့် အကျိတ်တစ်မျိုးဖြစ်ပွားနေသည်ဟု ထုတ်ဖော်ပြောကြား
Published 18 March 2018

Life of Pi သရုပ်ဆောင် အာဖန်ခန်းက  ရှားပါးသည့် အကျိတ်တစ်ခုဖြစ်ပွားနေပြီး ပြည်ပ၌ ကုသမှုခံယူမည်ဟု မတ် ၁၆ ရက်က ပြောကြားခဲ့သည်။

ယင်းအကျိတ်သည် ကင်ဆာ ဟုတ်၊ မဟုတ်ကို ခန်းက မှတ်ချက်မပေးခဲ့သော်လည်း ဦးနှောက်ကင်ဆာ ဖြစ်ပွားနေသည်ဆိုသော မီဒီယာဖော်ပြချက်များကို ပယ်ချခဲ့သည်။ မည်သည့်နိုင်ငံတွင် ကုသမှုခံယူမည်နှင့် အချိန်မည်မျှကြာမည်ကို ခန်းကမပြောကြားခဲ့ပေ။

“ကျွန်တော့်မှာ Neuroendocrine tumor ဖြစ်နေတယ်ဆိုတာကို လက်ခံဖို့ ခက်ခဲပေမယ့် ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတွေကြောင့် အားရှိလာတယ်” ဟု ခန်းက Twitter တွင် ရေးသားခဲ့သည်။

ယင်းရောဂါသည်  ခန္ဓာကိုယ်၏ဟော်မုန်းဓာတ်စနစ်ကို  ထိခိုက်စေပြီး လူ ၁၀၀,၀၀၀ တွင် ၃၅ ဦး၌ ဖြစ်ပွားသည်ဟု လေ့လာမှုများတွင် ဖော်ပြချက်အရ သိရသည်။ အသက်  ၅၁ နှစ်အရွယ်ရှိ ခန်းက ရှားပါးသော ရောဂါတစ်မျိုး ခံစားနေရသည်ဟု ယခုလအစောပိုင်းတွင် Twitter ၌ ရေးသားခဲ့ပြီး တိကျသော ရောဂါစစ်တမ်းနှင့်အတူ နောက်ထပ်စစ်ဆေးမှုများကို သိရှိချိန်တွင် အသေးစိတ်ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့စကားတွေကို စောင့်မျှော်နေတဲ့သူတွေအတွက် မကြာခင်မှာ ပြောစရာတွေအများကြီးနဲ့ ပြန်လာပါ့မယ်” ဟု ခန်းက Twitter တွင် ရေးသားခဲ့သည်။

ခန်းသည် Piku ၊ Maqbool ၊ Haasil ၊ The Lunchbox ၊ Paan Singh Tomar အပါအဝင် ဇာတ်ကား ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး  Life of Pi ၊ Jurassic World ၊ Slumdog Millionaire နှင့် The Amazing Spider – Man ဇာတ်ကားတို့ဖြင့် နိုင်ငံတကာတွင် အောင်မြင်မှုရရှိခဲ့သည်။

ခန်းသည် Filmfare Awards ဆုအပါအဝင် အိန္ဒိယထိပ်တန်းရုပ်ရှင်ဆုများစွာ ရရှိခဲ့သည်။ The  Lunchbox ဇာတ်ကားဖြင့်၂၀၁၃ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင်လည်း Viewers’ Choice ဆုရရှိခဲ့သည်။ ခန်းသည် ဘောလိဝုဒ်ဒါရိုက်တာ Vishal Bharadwaj နှင့် ဇာတ်ကားရိုက်ကူးရန် စီစဉ်ထားသော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည်ဟု သိရသည်။

Most Read

Most Recent