TVXQ အဖွဲ့က အယ်လ်ဘမ်သစ်ဖြင့် ဂီတလောကသို့ တစ်ကျော့ပြန်ဝင်ရောက်မည်

TVXQ အဖွဲ့က အယ်လ်ဘမ်သစ်ဖြင့် ဂီတလောကသို့ တစ်ကျော့ပြန်ဝင်ရောက်မည်
Published 17 March 2018

 

စစ်မှုထမ်းပြီးနောက် ကိုရီးယားပေါ့ပ်အဖွဲ့ TVXQ က အယ်လ်ဘမ်သစ်ဖြင့် ဂီတ လောကသို့ တစ်ကျော့ပြန်ဝင်ရောက်မည်ဟု ယင်းအဖွဲ့၏ အေဂျင်စီ S.M Entertainment က မတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအဖွဲ့၏ အဋ္ဌမမြောက်အယ်လ်ဘမ်ကို မတ် ၂၈ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။ ယင်းအယ်လ်ဘမ်သည်  Rise as God  ဖြန့်ချိခဲ့ပြီး သုံးနှစ်အကြာတွင် ပထမဆုံးဖြန့်ချိမည့် အယ်လ်ဘမ်လည်းဖြစ်သည်။

TVXQ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် U Know Yunho  နှင့် Max Changmin သည် ၂၀၁၇ ခုနှစ် ဧပြီနှင့် သြဂုတ်တွင် စစ်မှုထမ်းခဲ့ပြီးနောက် ယင်းနှစ် စက်တင်ဘာတွင် SM Station မှတစ်ဆင့် တစ်ကိုယ်တော်သီချင်းများကို ဖြန့်ချိခဲ့သည်။

ယင်းအဖွဲ့သည် ဇွန်တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားရှိ လူ ၇၅,၀၀၀ ဆံ့ Nissan အားကစားကွင်း၌ သုံးရက်ကြာဖျော်ဖြေရန် စီစဉ်ထားသည်။

၂၀၀၃ ခုနှစ်တွင် U Know Yunho ၊ Max Changmin၊ Hero Jaejoong၊ Micky Yoochun နှင့် Xiah Junsu တို့ဖြင့် ဖွဲ့စည်းခဲ့သည့် TVXQ အဖွဲ့သည် ၂၀၀၆ ခုနှစ်က ဖြန့်ချိခဲ့သည့် “O” Jung.Ban.Hap အယ်လ်ဘမ်ဖြင့် နိုင်ငံတကာ၌ပါ အောင်မြင်မှုရရှိခဲ့သည်။

ယင်းအဖွဲ့သည် စီးပွားရေးအရ အောင်မြင်မှု ရရှိခဲ့သော်လည်း Jaejoong၊ Yoochun နှင့် Junsu တို့က ၂၀၁၀ ပြည့်နှစ်တွင် အဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ယင်းနောက် TVXQ အဖွဲ့၏ ဂီတအလုပ်များကို တစ်နှစ်ကြာရပ်နားခဲ့ပြီးနောက် ကျန်ရှိသည့် အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် Yunhoo နှင့် Changmin တို့ဖြင့် ဂီတအလုပ်များဆက်လက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပဉ္ဇမ မြောက်အယ်လ်ဘမ် Keep Your Head Down ကို ဖြန့်ချိခဲ့သည်။ ယင်းအယ်လ်ဘမ်သည် အာရှအယ်လ်ဘမ် ရောင်းချမှုစာရင်း၏ ထိပ်တန်းနေရာများတွင် ဦးဆောင်ခဲ့သည်။

TVXQ အဖွဲ့သည် ဂီတသက်တမ်း ၁၅ နှစ်အတွင်း အယ်လ်ဘမ်ချပ်ရေ ၁၄ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ခေတ်ပြိုင်အာရှဂီတလောကတွင် အောင်မြင်မှုအရှိဆုံး အဖွဲ့တစ်ဖွဲ့နှင့် ကေ့ပေါ့ပ်ဘုရင်များဟု တင်စားခံခဲ့ရသည်။

Most Read

Most Recent