၂၀၁၇ ခုနှစ်အတွက်ပေးအပ်မည့် အကယ်ဒမီထူးချွန်ဆုပေးပွဲ မတ် ၂၃ ရက် ညနေ ၃ နာရီတွင် စတင်မည်

၂၀၁၇ ခုနှစ်အတွက်ပေးအပ်မည့် အကယ်ဒမီထူးချွန်ဆုပေးပွဲ မတ် ၂၃ ရက် ညနေ ၃ နာရီတွင် စတင်မည်
Published 15 March 2018

၂၀၁၇ ခုနှစ်အတွက်ပေးအပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ် ၂၃ ရက် ညနေ ၃နာရီတွင် ရန်ကုန်မြို့ Myanmar Event  Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များ အပါအဝင် လူသုံးထောင်ခန့်အား ပွဲတက်ရောက်နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ယခုနှစ်တွင် အကယ်ဒမီထူးချွန်ဆု ပေးအပ်ပွဲကျင်းပမည့် Myamar Event Park ဝင်ပေါက်၌ ခေတ်အဆက်ဆက် မြန်မာ့ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများ၏ ပန်းချီကားများအား ချိတ်ဆွဲ ပြသထားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

“အခုနှစ်မှာကျင်းပမယ့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ လူသုံးထောင်ကို ဖိတ်ကြားနိုင်ဖို့ စီစဉ်ထားပါတယ်။ အဓိကတော့ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်တွေ စုံလင်စွာ ဖိတ်ကြားစေနိုင်ဖို့အတွက်ပါ။ နိုင်ငံတော်က တာဝန်ရှိသူတချို့လည်း တက် ရောက်ကြမှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လုံခြုံရေးပိုင်းကိုလည်း စနစ်တကျပြင်ဆင်သွားရမှာပါ။ အခမ်းအနား ကျင်းပရာမှာတော့ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဖြစ်တာကြောင့် ကြီးကျယ်ခမ်းနားစွာ တင်ဆက်နိုင်အောင် အားလုံးဝိုင်းဝန်းပြင် ဆင်နေပါတယ်။ ဆုရွေးချယ်ရေးကော်မတီများကလည်း ဆုရသင့်ရထိုက်သူတွေရရှိစေဖို့အတွက် အကောင်းဆုံးရွေးချယ်စိစစ်အကဲ ဖြတ်မှုတွေပြုလုပ်နေပါတယ်။ ဖျော်ဖြေရေးပိုင်းတွေမှာလည်း ပွဲကျင်းပမယ့်အချိန်အတွင်းမှာ လိုက်ဖက်သင့်လျော်တဲ့ ဖျော်ဖြေ ရေးအစီအစဉ်တွေကို ထည့်သွင်းတင်ဆက်သွားမှာပါ။ အခမ်းအနားကိုတော့ ညနေ ၃ နာရီမှာစတင်မှာဖြစ်ပြီး MRTV 4 နဲ့ Channel 7 ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ထုတ်လွှင့်သွားမှာပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွက် ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် တစ်နှစ်တာအတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၅၃ ကားအတွင်းမှ အကောင်းဆုံးဆုများအား ရွေးချယ်ပေးအပ်မည်ဖြစ်ကာ ယခုနှစ်တွင် ယခင်သတ်မှတ်ထားသည့်ဆုအမျိုးအစား ၁၁ ခုစလုံးအား ရွေးချယ်ပေးအပ်ရန်စီစဉ်ထားသည်ဟု သိရသည်။

ထို့ပြင် ယခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ၌ အထူးဆုနှင့် တစ်သက်တာထူးချွန်ဆုများကိုပါ ထည့်သွင်းပေးအပ်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent