အကယ်ဒမီဖွေးဖွေးနှင့် တွေ့ဆုံခြင်း

အကယ်ဒမီဖွေးဖွေးနှင့် တွေ့ဆုံခြင်း
Published 13 March 2018

ရုပ်ရှင်ဇာတ်ကားတိုင်းတွင် ပါဝင်ရသည့် ဇာတ်ကောင်စရိုက်အပေါ် တစ်ထပ်တည်းကျအောင် ခံစားသက်ဝင်ကာ သရုပ်ဆောင်လေ့ရှိသည့် သရုပ်ဆောင် အကယ်ဒမီဖွေးဖွေးမှာ မတ် ၁၆ ရက်တွင် ရုံတင်ပြသတော့မည့် ‘ရွှေကြာ’ ရုပ်ရှင်ဇာတ်ကား၌ မကောင်းသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရသော်လည်း ရိုးသားဖြူစင်ကာ သူတစ်ပါးအား ကူညီလိုစိတ်ရှိသူ၊ မိမိချစ်ရသူနှင့် ဆုံစည်းချိန်တွင်လည်း အဆင့်အတန်းနိမ့်ကျသည့် မိမိဘဝအတွက် ကြေကွဲဝမ်းနည်းရပုံများအား ကြည့်ရသူများ ရင်နင့်ခံစားရသည်အထိ ပီပြင်စွာသရုပ်ဆောင်ထားသူ ဖြစ်သည်။ စာရေးဆရာမပုညခင်၏ ‘အရှေ့တံခါးအဝင်’ ဝတ္ထုအား ဒါရိုက်တာအကယ်ဒမီဝိုင်းက ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ အကယ်ဒမီဖွေးဖွေးနှင့် တွေ့ဆုံ၍ ရွှေကြာဇာတ်ရုပ်အတွက် ခံစားသက်ဝင်နိုင်ရန် လေ့လာပြင်ဆင်ခဲ့ရသည်များ၊ သရုပ်ဆောင်ခဲ့သည့် အမှတ်တရများနှင့် ဇာတ်ကားမှတစ်ဆင့်ပေးလိုသည့် Message များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - ရွှေကြာဇာတ်ကားအတွက် မကောင်းတဲ့အလုပ်နဲ့ အသက်မွေးရတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ တော်တော်လေးကို လေ့လာပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပြင်ဆင်မှုအပိုင်းလေးတွေကို အရင်ပြောပြပေးပါဦး။ ပြီးတော့ ဒီဇာတ်ကားနဲ့ပတ်သက်လို့ မျှော်လင့်ချက်ပေါ့။
ဖြေ - ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဖွေးရဲ့တစ်ခုတည်းသောမျှော်လင့်ချက်က ဒီဇာတ်ကားထဲက ရွှေကြာလိုမိန်းကလေးတွေကို ဥပဒေနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေရစေချင်တယ်။ အမှန်တရားကို လက်ခံစေချင်တယ်။ ရွှေကြာလိုမိန်းကလေးတွေ ဒီဘဝထဲက တတ်နိုင်သလောက် ရုန်းထွက်ဖို့ ခွန်အားတစ်ခု ရစေချင်တာကြောင့်ပါ။ ကျန်တဲ့မျှော်လင့်ချက်တော့ ဘာမှမရှိပါဘူး။ ဒီဇာတ်ကားထဲက ရွှေကြာဇာတ်ရုပ်အတွက် လေ့လာခဲ့ရတာကတော့ ငယ်ငယ်ကတည်းက ဖွေးက ကမ္ဘာအေးဘုရားလမ်းနားမှာနေတယ်။ ငယ်ငယ်ကတည်းက ကန်ပေါင်ပေါ်မှာ အဲဒီလိုမိန်းကလေးမျိုးတွေ တွေ့ခဲ့ဖူးတယ်။ ငယ်ငယ်တုန်းကတော့ ဒီဇာတ်ကားထဲက စံထားညိုဖြစ်သလို ဒီမိန်းကလေးတွေကို အထင်သေးတာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ ဒီမိန်းကလေးတွေအပေါ် နားလည်လာတယ်။ သူတို့ရဲ့ မဖြစ်ချင်ဘဲနဲ့ ဖြစ်နေရတဲ့ဘဝတွေ၊ ရုန်းကန်ရတဲ့ အခြေအနေတွေကိုပေါ့။ ဒီဇာတ်ကောင်အတွက် လေ့လာတဲ့အခါ ရွှေကြာလိုမိန်းကလေးတွေကို စောင့်ရှောက်တဲ့စင်တာတွေရှိပါတယ်။ အရမ်းတော့ မဖွံ့ဖြိုးသေးဘူးပေါ့။ အဲဒီစင်တာတွေကိုသွားပြီး အဲဒီမိန်းကလေးတွေနဲ့ စကားပြောတယ်။ သူတို့နေပုံထိုင်ပုံ အပြုအမူတွေကို လေ့လာခဲ့ပါတယ်။

■ မေး - ရွှေကြာလိုမိန်းကလေးတွေရဲ့ အပြုအမူခံစားချက်တွေကို အနီးကပ်လေ့လာတာမျိုးတွေရော လုပ်ဖြစ်ခဲ့လား။
ဖြေ - ဟုတ်ကဲ့ လုပ်ဖြစ်ပါတယ်။ သူတို့နဲ့ စကားပြောကြည့်တယ်။ ဒီဘဝကို အခြေအနေကြောင့် ရောက်နေရပေမယ့် တတ်နိုင်သလောက် ရုန်းထွက်ချင်တဲ့စိတ်ရှိတဲ့ မိန်းကလေးတွေ၊ ကိုယ်နေရတဲ့ဘဝက အမှောင်ထဲမှာဆိုပေမယ့် အခက်အခဲကြုံတဲ့သူတွေကို တွေ့တဲ့အခါ ပြန်ကူညီချင်တဲ့စိတ်ရှိသူတွေလည်း တွေ့ခဲ့ရပါတယ်။

■ မေး - ဖွေးဖွေးအနေနဲ့ ရွှေကြာလိုမိန်းကလေးမျိုးတွေကို ပြောချင်တဲ့စကားလေးရှိရင်လည်း သိချင်ပါတယ်။
ဖြေ - ဒါကတော့ စကားတစ်ခွန်းတည်းနဲ့ ပြောဖို့ခက်ပါတယ်။ ဒီဇာတ်ကားရိုက်တုန်းက ရွှေကြာဆိုတဲ့ဇာတ်ကောင်မှာ ခဏလေးဝင်ပြီး နေရတုန်းမှာတောင် စိတ်တွေအရမ်းမွန်းကျပ်ပြီး ပင်ပန်းရပါတယ်။ အရမ်းလည်း ဝမ်းနည်းရတယ်။ အဲဒီလိုခံစားခဲ့ရတဲ့အတွက် ဒီလိုမိန်းကလေးတွေကို အရမ်းကိုယ်ချင်းစာပါတယ်။ ဒီဘဝကနေ အမြန်ရုန်းထွက်လိုက်ပါတော့လို့ ပြောမယ့်အစား ကိုဝိုင်းတို့လို၊ ဆရာမပုညခင်တို့လို ပညာရှင်တွေနဲ့ပေါင်းပြီးတော့ ဒီလိုသင်ခန်းစာရမယ့် ဇာတ်ကားမျိုးရိုက်လိုက်တာ ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ ထင်ပါတယ်။ ဖွေး ပြောချင်တဲ့စကားတွေ၊ Message တွေအကုန်လုံးက ဒီဇာတ်ကားမှာ ပါဝင်နေပါတယ်။

■ မေး - ဒီဇာတ်ကားကို ရိုက်ကူးဖို့ပြင်ဆင်တဲ့အချိန်မှာ စိုးရိမ်စိတ်ရောရှိခဲ့လား။
ဖြေ - ဖွေး အလုပ်တစ်ခု လုပ်တော့မယ်ဆိုတဲ့အချိန်မှာ စိုးရိမ်တာတွေ၊ Pressure တွေက ကိုယ့်ကိုအလုပ်လာအပ်တဲ့အချိန်မှာတော့ ရှိတာပေါ့။ ဒါပေမဲ့ လုပ်မယ်လို့ဆုံးဖြတ်လိုက်တဲ့ အချိန်ကစပြီး ဖွေးစိုးရိမ်တာတွေ၊ ဖိအားတွေအားလုံးကို ထားခဲ့ပြီး ရွှေကြာအတိုင်းပဲနေခဲ့ပါတယ်။

■ မေး - ရွှေကြာလိုမိန်းကလေးမျိုးတွေနဲ့ တွေ့ဆုံတဲ့အခါ ဖွေးဖွေးခံစားမိတဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ်။
ဖြေ - ဒီလိုဘဝမျိုးကိုတော့ ဘယ်မိန်းကလေးကတော့ ဖြစ်ချင်မှာလဲနော်။ တန်ဖိုးထားခံရတဲ့ မိန်းကလေးပဲ ဖြစ်ချင်ကြတာချည်းပဲလေ။ ကောင်းကောင်းမွန်မွန်ပဲ နေချင်မှာပဲလေ။ ဒီဇာတ်ကားရိုက်တုန်းကလည်း ဖွေး တော်တော်လေး စိတ်ထဲမှာခံစားခဲ့ရတယ်။ ဇာတ်ကားရိုက်ပြီး နှစ်ပတ်လောက်တော့ ကိုယ့်စိတ်ထဲကခံစားချက်ကို သက်သာအောင် ပြန်ကုယူရတယ်။ အခုနောက်ပိုင်းတော့ အဲဒီလိုမိန်းကလေးမျိုးတွေ တွေ့ခဲ့ရင်လည်း ဖော်ဖော်ရွေရွေ စကားပြောဖြစ်တယ်။ ညီမလေးတို့အတွက် ရွှေကြာရိုက်ထားတယ်နော်လို့။ ကြည့်ဖြစ်အောင်ကြည့်နော်လို့ပြောတော့ ကြည့်မယ်လို့ပြောပါတယ်။

■ မေး - ဒီဘဝကနေ ရုန်းထွက်ချင်တဲ့ မိန်းကလေးတွေအတွက် ပြောချင်တာမျိုးရှိသေးလား။
ဖြေ - ဒီလိုရုန်းထွက်ဖို့ဆိုတာ ခက်ခဲတော့ခက်ခဲမှာပေါ့လေ။ လွယ်လွယ်ကူကူတော့ ဘယ်ဖြစ်ပါ့မလဲ။ ရွှေကြာလိုဘဝကို ရောင်းစားခံခဲ့ရတဲ့မိန်းကလေးတွေ၊ အနိုင်ကျင့် စော်ကားခံရတဲ့မိန်းကလေးတွေ အပြင်မှာလည်း အများကြီးရှိနေပါတယ်။ ကျူးလွန်တဲ့သူကသာ တစ်ခါတည်း ကျူးလွန်လိုက်တာလေ။ ခံစားရတဲ့သူကတော့ ဘဝတစ်လျှောက်လုံး ခံစားသွားရတာ။ မုဒိမ်းမှုတွေနဲ့ ပတ်သက်လို့လည်း ဥပဒေအတိုင်း ထိထိရောက်ရောက် ဖြစ်စေချင်ပါတယ်။

■ မေး - အခုဒီဇာတ်ကား ရုံတင်တော့မယ်ဆိုတော့ စိတ်လှုပ်ရှားမှုကိုလည်း သိချင်ပါတယ်။
ဖြေ - ဖွေး ဇာတ်ကားရိုက်တဲ့အချိန်မှာ ကိုယ်သရုပ်ဆောင်ရတဲ့ ရွှေကြာဆိုတဲ့ဇာတ်ရုပ်ကို တစ်ထပ်တည်းကျအောင် အတတ်နိုင်ဆုံးကြိုးစားပြီး၊ ခံစားချက်ကို အပြည့်အဝထည့်ပြီး ရွှေကြာဆိုတဲ့မိန်းကလေးအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အခုရုံတင်တော့မယ်ဆိုတော့ ရင်တွေခုန်ပါတယ်။ ပရိသတ်တွေကြည့်ပြီးတဲ့အခါ ဒီဇာတ်ကားအပေါ် အမြင်လေးတွေလည်း သိချင်ပါတယ်။ ပြီးတော့ဒီဇာတ်ကားထဲမှာက ဖွေးတို့ဖန်တီးကတည်းက သိစေချင်တဲ့အကြောင်းအရာတွေ၊ ရသွားစေချင်တဲ့ Message တွေလည်းပါဝင်တာကြောင့် ပိုပြီးရင်ခုန်ပါတယ်။

■ မေး - ပရိသတ်ကို ပြောချင်တဲ့ စကားလက်ဆောင်များရှိရင် ပြောပေးပါဦး။
ဖြေ - ဒီဇာတ်ကားလေးမှာ ရွှေကြာဆိုတဲ့မိန်းကလေးတွေအတွက် အတတ်နိုင်ဆုံးခံစားပြီး သရုပ်ဆောင်ထားသလို သူတို့တွေခံစားနေရတာတွေကို စာနာတတ်ဖို့၊ သူတို့အတွက် ဆုံးရှုံးနေရတဲ့ ဥပဒေဆိုင်ရာအခွင့်အရေးတွေကို ရရှိလာစေဖို့ ကြိုးစားဖန်တီးထားကြပါတယ်။ ပရိသတ်တွေလည်း ဒီဇာတ်ကားကို ကြည့်ခွင့်ရတဲ့အခါ ကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်အားပေးကြပါဦးလို့ ပြောချင်ပါတယ်။