<

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ နှစ်စဉ်ပြုလုပ်လေ့ရှိသည့် Birthday Show ကို ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ နှစ်စဉ်ပြုလုပ်လေ့ရှိသည့် Birthday Show ကို ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဖျော်ဖြေပွဲ ပြုလုပ်မည့်အကြောင်းကို မတ် ၁၁ ရက်မွန်းလွဲပိုင်းတွင် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က ၎င်းအသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Live လွှင့်၍ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်၏ Birthday Show ဖျော်ဖြေမှုတွင် Frenzo Artist များဖြစ်သည့် Snare၊ ဘန်နီဖြိုး၊ G-Fatt၊ အမရာဖုန်းစသူများလည်း ပါဝင်တင်ဆက်ရန် စီစဉ်ထားကြောင်း သိရသည်။

“ကျွန်တော့်ရဲ့မွေးနေ့ရှိုးကို မနှစ်တုန်းကလည်း မန္တလေးမှာပြုလုပ်ခဲ့တဲ့အတွက် အခုနှစ်မှာတော့ ရန်ကုန်ပရိသတ်များအတွက် ရန်ကုန်မှာပဲလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ရန်ကုန်ပရိသတ်တွေအားလုံးလည်း ကျေနပ်မယ်လို့ ထင်ပါတယ်။ Birthday Show မှာ Frenzo Artist တွေဖြစ်တဲ့ Snare၊ ဘန်နီဖြိုး၊ G-Fatt၊ အမရာဖုန်းတို့လည်း ပါဝင်ဖျော်ဖြေပေးကြပါမယ်။ Snare တို့ G-Fatt တို့က မကြာခင်က အခွေသစ်တွေ ထွက်ထားသလို ကျွန်တော်ကိုယ်တိုင်လည်း ဧပြီ ၁ ရက်မှာ အခွေသစ်ထွက်မှာဖြစ်တဲ့အတွက် သီချင်းသစ်တွေနဲ့လည်း ဖျော်ဖြေတင်ဆက်မှာပါ။ မန္တလေးကပရိသတ်တွေအတွက်တော့ မွေးနေ့ရှိုးလာရောက်ပြုလုပ်ခြင်းမရှိဘူးဆိုပေမယ့် မနှစ်ကမွေးနေ့ရှိုးပြီးကတည်းက ကြားထဲမှာဖျော်ဖြေရေးတွေမလုပ်ဖြစ်တာ တစ်နှစ်ရှိပါပြီ။ ဒါကြောင့် မန္တလေးပရိသတ်တွေနဲ့လည်း တွေ့ဆုံခွင့်ရအောင် Frenzo Music Tour ကို မန္တလေးမှာ မတ်လကုန်ကို ကျင်းပဖို့အတွက် စီစဉ်ထားပါတယ်။ ဒီလိုစီစဉ်ထားတဲ့အတွက် မန္တလေးပရိသတ်တွေလည်း ကျေနပ်မယ်လို့ ယုံကြည်ပါတယ်” ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် ဧပြီ ၁၀ ရက်တွင်ကျရောက်သည့် မွေးနေ့ဖျော်ဖြေပွဲအား နှစ်စဉ်ကျင်းပခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်ပြီး ပရိသတ်အပြည့်အလျှံအားပေးသည့် ဖျော်ဖြေပွဲများဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲများအား ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် အလှည့်ကျကျင်းပခဲ့ရာ၌ ၂၀၁၇ တွင် မန္တလေးမြို့၌ သွားရောက်ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်မူ ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁ ရက်၌ စိုင်းစိုင်းခမ်းလှိုင်၏ အယ်လ်ဘမ်သစ် ‘စိုင်းစိုင်းက စိုင်းစိုင်း’ ထွက်ရှိမည်ဖြစ်ကာ စတင်ထွက်ရှိသည့်နေ့တွင်လည်း အမှတ်တရအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

March 13, 2018














Copy Protected by Chetan's WP-Copyprotect.