Black Panther က ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းကို ဆက်လက်လွှမ်းမိုးထား

Black Panther က ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းကို ဆက်လက်လွှမ်းမိုးထား
Published 13 March 2018

မြောက်အမေရိက၏ ရုပ်ရှင်ရုံများတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းကို Black Panther က ဆက်လက်လွှမ်းမိုးထားခဲ့ပြီး Disney ၏ နောက်ထပ်ပြိုင်ဘက်ဖြစ်သော A Wrinkle in Time ကို အလွယ်တကူအနိုင်ယူခဲ့ကြောင်း ရုပ်ရှင်လုပ်ငန်းလေ့လာသူများက ပြောကြားခဲ့သည်။

Disney နှင့် Marvel တို့ ပူးတွဲထုတ်လုပ်သော သူရဲကောင်းဇာတ်လမ်း Black Panther သည် ပြီးခဲ့သည့်သုံးရက်အတွင်း ဒေါ်လာ ၄၁ ဒသမ ၁ သန်းခန့် ထပ်မံရရှိခဲ့ကြောင်း Exhibitor Relations က ပြောကြားခဲ့သည်။ ယင်းရုပ်ရှင်သည် အမေရိကန်တွင် စတင်ပြသခဲ့ပြီးနောက် လေးပတ်အတွင်း ဒေါ်လာ ၅၆၂ သန်းအထိရရှိထားပြီး သတ္တမမြောက် ပြည်တွင်းဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာခဲ့သည်။

Black Panther ကို တရုတ်တွင် ပွဲဦးထွက်ပြသသည့် သီတင်းပတ်၌ ဝင်ငွေကောင်းခဲ့သောကြောင့် အပြည်ပြည်ဆိုင်ရာတွင် ရရှိခဲ့သောဝင်ငွေသည် ဒေါ်လာ ၅၁၆ ဒသမ ၆ သန်းအထိ ရောက်ရှိခဲ့ပြီး စုစုပေါင်းဝင်ငွေဒေါ်လာ ၁ ဘီလျံကျော်ခဲ့သော ရုပ်ရှင်ဖြစ်လာခဲ့သည်။ Black Panther သည် မြောက်အမေရိကတွင် Star Wars ရုပ်ရှင်များနောက်ပိုင်း ဝင်ငွေအကောင်းဆုံးရုပ်ရှင်နေရာကို လေးပတ်ဆက်ရရှိခဲ့သည့် ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့သည်။ သြဇာကြီးမားသောအမျိုးသမီးများနှင့် မျိုးကွဲစုံလင်မှုတို့ကို အသားပေးပုံဖော်ရိုက်ကူးထားသည့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် A Wrinkle in Time သည် အဖွင့်ရက်သတ္တပတ်တွင် ဒေါ်လာ ၃၃ ဒသမ ၃ သန်း ရရှိခဲ့သည်။ ဘတ်ဂျက်အမြောက်အမြား သုံးစွဲရိုက်ကူးထားသော Wrinkle ရုပ်ရှင်သည် ဝေဖန်သူများထံမှ အကောင်းအဆိုးဝေဖန်မှုများ ရောထွေးရရှိထားပြီး ယခုကဲ့သို့ဝင်ငွေက စိတ်ပျက်စရာဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ အော်ပရာဝင်းဖရေးအပါအဝင် နာမည်ကျော်အမြောက်အမြား ပါဝင်ထားသော ယင်းရုပ်ရှင်၏ဒါရိုက်တာသည် ပထမဆုံးလူမည်းအမျိုးသမီး ဒါရိုက်တာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ ခန့် အကုန်ကျခံ ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်ကြောင်း သိရသည်။

ယခုသီတင်းပတ်ကုန်တွင် တတိယဝင်ငွေအကောင်းဆုံးရုပ်ရှင်မှာ အထိတ်တလန့်ရုပ်ရှင် The Strangers: Prey at Night ဖြစ်ပြီး ဒေါ်လာ ၁၀ ဒသမ ၅ သန်းရရှိခဲ့သည်။ ရုရှားဘဲလေးကချေသည်အဖြစ်မှ ထိပ်တန်းသူလျှိုဖြစ်လာခဲ့သော သူလျှိုတစ်ဦး၏ဘဝကို ဂျနီဖာလောရင့်စ်က သရုပ်ဆောင်ထားသည့် Red Sparrow က ဒုတိယမြောက်သီတင်းပတ်တွင် ဒေါ်လာ ၈ ဒသမ ၂ သန်းဖြင့် စတုတ္ထဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ ပဉ္စမဝင်ငွေအကောင်းဆုံးရုပ်ရှင်မှာ Game Night ဖြစ်ပြီး ဒေါ်လာ ၇ ဒသမ ၉ သန်းရရှိခဲ့သည်။

Most Read

Most Recent