အကယ်ဒမီပွဲ အကြိုအစီအစဉ်အဖြစ် Academy Tribute မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းများ ဂုဏ်ပြုဖျော်ဖြေပွဲ ပြုလုပ်မည်

အကယ်ဒမီပွဲ အကြိုအစီအစဉ်အဖြစ် Academy Tribute မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းများ ဂုဏ်ပြုဖျော်ဖြေပွဲ ပြုလုပ်မည်
Published 10 March 2018

ပထမအကြိမ်ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ဖျော်ဖြေပွဲမြင်ကွင်း

အကယ်ဒမီပွဲ အကြိုအစီအစဉ်အဖြစ် Academy Tribute မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ဂုဏ်ပြုဖျော်ဖြေပွဲကို မတ် ၁၀ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဂုဏ်ပြုဖျော်ဖြေပွဲတွင် မြန်မာ့ရုပ်ရှင်သမိုင်း အစဉ်အဆက် ဖြတ်သန်းခဲ့သည့် သမိုင်းတစ်လျှောက်၌ ထင်ရှားခဲ့သော ဇာတ်ဝင်တေးသီချင်းများအား အနုပညာရှင်များက ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး တေးသရုပ်ဖော်အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲကျင်းပပုံ အစအဆုံးကို Pyone Play မှ Live ထုတ်လွှင့်မည်ဖြစ်ကာ MRTV-4 နှင့် Channel 7 တို့မှလည်း ပြန်လည်ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်ဟု သိရသည်။

‘မြန်မာ့ရုပ်ရှင်ရဲ့အခန်းကဏ္ဍမှာ အရေးပါတဲ့အခန်းကဏ္ဍ တစ်ရပ်ကနေပါဝင်တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများကဏ္ဍကို ဖော်ထုတ်ဂုဏ်ပြုချင်သလို မကြာမီကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက်လည်း အကြိုတင်ဆက်မှုအနေနဲ့ Academy Tribute ကို ပြုလုပ်တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်လေးက ကြိုဆိုရမှာပါ။ ဒီအစီအစဉ်မှာ ထင်ရှားအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတွေကို အနုပညာရှင်တွေက ပြန်လည်ဖျော်ဖြေတင်ဆက်မှာဖြစ်သလို ဇာတ်ဝင်တေးသရုပ်ဖော်တဲ့ အစီအစဉ်တွေလည်း ထည့်သွင်းတင်ဆက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြတ်သန်းလာခဲ့တဲ့ ရုပ်ရှင်သမိုင်းကြောင်းအဆက်ဆက်ကို ပြန်လည်အမှတ်ရအောက်မေ့စေမှာပါ။ ဒီအစီအစဉ်ကို ရုပ်သံလိုင်းကနေလည်း ထုတ်လွှင့်ပြသဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းတွေကို စနစ်တကျ ရေးသားစပ်ဆိုသီဆိုတဲ့အလေ့အထ ပြန်လည်အသက်ဝင် အောင်မြင်လာစေဖို့လည်း ရည်ရွယ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ဆိုသည်။

ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ၁၉၂၀ ပြည့်နှစ်မှစတင်ကာ ယနေ့အချိန်အထိ ပြသခဲ့ပြီးသော မြန်မာရုပ်ရှင်ဇာတ်ကားများထဲမှ ထင်ရှားအောင်မြင်ခဲ့သည့် ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ အားရွေးချယ်ကာ မူရင်းတေးသံရှင်များ ဖျော်ဖြေမည့်အစီအစဉ် ပါဝင်သကဲ့သို့ ထင်ရှားသည့် အခြားသောအနုပညာရှင်များက ပြန်လည်ခံစားသီဆိုမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ဖျော်ဖြေမှုအစီအစဉ်ကို ယခင်နှစ်ကလည်း Loreal Art Academy ၏စီစဉ်မှုဖြင့် ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ၁၉၂၀ တွင် စတင်ပေါ်ပေါက်လာခဲ့သည့် မြန်မာ့ရုပ်ရှင်မှာ ၂၀၂၀ ပြည့်နှစ်တွင် နှစ် ၁၀၀ တိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent