w ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်တိုင်းရင်းသားများ၊ သဘာဝဘေးဒုက္ခကြုံတွေ့နေသူများအား ကူညီမည့် One 1 Ness ဖက်ရှင်ရှိုးနှင့် ဖျော်ဖြေရေးအစီအစဉ် ပြုလုပ်မည် - Eleven Media Group <

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်တိုင်းရင်းသားများ၊ သဘာဝဘေးဒုက္ခကြုံတွေ့နေသူများအား ကူညီမည့် One 1 Ness ဖက်ရှင်ရှိုးနှင့် ဖျော်ဖြေရေးအစီအစဉ် ပြုလုပ်မည်

One 1 Ness ဖက်ရှင်ရှိုး၏ပိုစတာ

မနောအလှ အနုပညာရှင်များပရဟိတအဖွဲ့မှ စီစဉ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်တိုင်းရင်းသားများ၊ သဘာဝဘေးဒုက္ခကြုံတွေ့နေသူများအား ကူညီမည့် One 1 Ness ဖက်ရှင်ရှိုးနှင့် ဖျော်ဖြေရေးအစီအစဉ်ကို မတ် ၂၅ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဖက်ရှင်ရှိုးတွင် ကချင်ဒီဇိုင်နာများဖြစ်သည့် Y Stone (Yaw Bawn)၊ Lazing Gam Htoi၊ Seng Lat (Maka)၊ Zaw Seng (Man Made)၊ G-Htu Aung၊ Ah Put၊ Ah Lat Lumyang၊ Mr.Jet (Laiza) တို့၏ ဖက်ရှင်လက်ရာဒီဇိုင်းများအား ပြသမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထိပ်တန်းမော်ဒယ်လ်များနှင့် သရုပ်ဆောင်အနုပညာရှင်များကလည်း ကချင်ဒီဇိုင်နာများ၏ ဖက်ရှင်ဖန်တီးမှု လက်ရာများကို ၀တ်ဆင်ပြသမည်ဖြစ်သည်။

“One 1 Ness ပွဲက အရင်နှစ်တွေက လည်းလုပ်ခဲ့ဖူးပါတယ်။ အဓိက,ကတော့ ကချင်အနုပညာရှင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ မနောအလှအနုပညာရှင်များ ပရဟိတအဖွဲ့အနေနဲ့ ပြုလုပ်သွားမှာပါ။ ဒီနှစ်မှာကျင်းပမယ့်ပွဲမှာလည်း ကျွန်တော်တို့ ကချင်ဒီဇိုင်နာတွေရဲ့ ဖက်ရှင်ဒီဇိုင်းဖန်တီးမှု လက်ရာတွေကို မော်ဒယ်လ်တွေက ၀တ်ဆင်ပြသပေးကြပါမယ်။ ကချင်အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေလည်း ပါဝင်ပါမယ်။ ဒီပွဲကို လက်မှတ်ရောင်းချသွားမှာဖြစ်ပြီး လက်မှတ်ရောင်းရငွေတွေကိုတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင် တိုင်းရင်းသားတွေနဲ့ သဘာဝဘေးဒုက္ခကြုံတွေ့ရတဲ့သူတွေကို လူမျိုးဘာသာမခွဲခြားဘဲ လှူဒါန်းကူညီသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြုလုပ်မယ့် One 1 Ness ပွဲကို လာရောက်အားပေးကြည့်ရှုရင်း အလှူအနေနဲ့လည်း ပါဝင်ကုသိုလ်ယူနိုင်မှာပါ” ဟု ဒီဇိုင်နာ Y Stone (Yaw Bawn) က ဆိုသည်။

One 1 Ness Fashion Show တွင် ကချင်တိုင်းရင်းသား ဖက်ရှင်ဒီဇိုင်နာများ ဖန်တီးထားသည့် ၀တ်စုံဒီဇိုင်းလက်ရာများအား မော်ဒယ်လ်များက ၀တ်ဆင်ပြသခြင်း၊ ကချင်တိုင်းရင်းသား တေးသံရှင်များ၏ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

March 10, 2018














Copy Protected by Chetan's WP-Copyprotect.