ဒလိုရက်စ်အော်ရီရာဒန် ကွယ်လွန်သွားသော်လည်း အယ်လ်ဘမ်သစ်ဖြန့်ချိမည်ဟု Cranberries အဖွဲ့ထုတ်ပြန်

ဒလိုရက်စ်အော်ရီရာဒန် ကွယ်လွန်သွားသော်လည်း အယ်လ်ဘမ်သစ်ဖြန့်ချိမည်ဟု Cranberries အဖွဲ့ထုတ်ပြန်
Published 9 March 2018

အဆိုတော် ဒလိုရက်စ်အော်ရီရာဒန် ကွယ်လွန်သွားသော်လည်း အယ်လ်ဘမ်သစ်ဖြန့်ချိပြီး ဂီတလုပ်ငန်းများ ရှေ့ဆက်လုပ်ဆောင်သွားမည်ဟု အိုင်ယာလန်ရော့ခ်အဖွဲ့ Cranberries က မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အော်ရီရာဒန်သည် မသေဆုံးမီ ယင်းအယ်လ်ဘမ်သစ်အတွက် အသံသွင်းထားခဲ့သည်ဟု ကျန်ရှိသည့်အဖွဲ့ဝင်သုံးဦးက ပြောကြားခဲ့သည်။ ယင်းအယ်လ်ဘမ်သည် ပြီးစီးလုနီးပါးဖြစ်နေပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဖြန့်ချိရန် မျှော်လင့်ထားသည်ဟု Cranberries အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဖွဲ့၏ ပွဲဦးထွက်အယ်လ်ဘမ် "Everyone Else is Doing it, So Why Can't We?" ဖြန့်ချိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယင်းအယ်လ်ဘမ်ကို ယခုနှစ်အကုန်တွင် ပြန်လည်ဖြန့်ချိမည်ဟုလည်း Cranberries အဖွဲ့က ဆိုသည်။ ယင်းအယ်လ်ဘမ်ကို မူလက ယခုလတွင် ဖြန့်ချိရန် စီစဉ်ထားသော်လည်း အော်ရီရာဒန် သေဆုံးခဲ့သဖြင့် ဖြန့်ချိမည့်ရက်ကို ရွှေ့ဆိုင်းခဲ့သည်ဟု Cranberries အဖွဲ့ဝင်များက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စတင်ခဲ့တဲ့ အယ်လ်ဘမ်နဲ့ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု Cranberries အဖွဲ့က Facebook တွင် ရေးသားခဲ့သည်။

၁၉၉၃ ခုနှစ်က ဖြန့်ချိခဲ့သည့် "Everyone Else is Doing it, So Why Can't We?" အယ်လ်ဘမ်သည် Cranberries အဖွဲ့ကို အောင်မြင်မှုရရှိစေခဲ့သည့် အယ်လ်ဘမ်လည်း ဖြစ်သည်။ ပြန်လည်ဖြန့်ချိမည့် အယ်လ်ဘမ်တွင် ယခင်မဖြန့်ချိရသေးသည့် သီချင်းများ ပါဝင်မည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အိုင်းရစ်အဆိုတော်အဖွဲ့၏ ခေါင်းဆောင်အဆိုတော် ဒလိုရက်စ်အော်ရီရာဒန် အသက် ၄၆ နှစ်သည် ဇန်နဝါရီ ၁၅ ရက်တွင် လန်ဒန်၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးထားမှုကို ဧပြီ ၃ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသည်။ The Cranberries အဖွဲ့သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပွဲဦးထွက်ဖြန့်ချိခဲ့သည့် "Everyone Else is Doing it, So Why Can't We?" အယ်လ်ဘမ်ဖြင့် အောင်မြင်ခဲ့သည်။

ယင်းအယ်လ်ဘမ်နောက်တွင် ဖြန့်ချိခဲ့သည့် No Need to Argue အယ်လ်ဘမ်သည် သြစတြေးလျ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့တွင် နံပါတ်တစ်ဖြစ်ခဲ့ပြီး အမေရိကန်တွင် နံပါတ်ခြောက်အဖြစ် ရပ်တည်ခဲ့သည်။ ယင်းအယ်လ်ဘမ်တွင် ပါဝင်သည့် လူသေဆုံးမှုများသော မြောက်အိုင်ယာလန်ပဋိပက္ခကို ဒေါသတကြီး တုံ့ပြန်ထားသည့် Zombie သီချင်းက ဥရောပတစ်ဝန်းတွင် နံပါတ်တစ်အဖြစ် ဖော်ပြခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့သည့် Something Else အယ်လ်ဘမ်သည် ယင်းအဖွဲ့၏ နောက်ဆုံးအယ်လ်ဘမ်ဖြစ်သည်။

Most Read

Most Recent