တေးသံရှင် ပန်းရောင်ခြယ်၏ ငယ်စဉ်ဘ၀ အမှတ်တရ ဖြတ်သန်းရာ

တေးသံရှင် ပန်းရောင်ခြယ်၏ ငယ်စဉ်ဘ၀ အမှတ်တရ ဖြတ်သန်းရာ
Published 8 March 2018

မိဘအမွေကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း အနုပညာမျိုးရိုးကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းကြသူ လူငယ်အနုပညာရှင်တွေ များစွာရှိကြပါတယ်။ ဒီလိုမိဘအမွေကို လက်ဆင့်ကမ်း သယ်ဆောင်လာသူတွေထဲက ပရိသတ်ချစ်ခင်အားပေးမှုကို အချိန်တိုအတွင်းမှာ ရရှိပိုင်ဆိုင်ထားသူတစ်ဦးကတော့ တေးသံရှင် ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ တေးသံရှင်ဂရေဟမ်ရဲ့သမီးဖြစ်သူ ပန်းရောင်ခြယ်က ချစ်စဖွယ်အသံ၊ ဟန်ပန်နဲ့ လှပဖြူစင်တဲ့ မျက်နှာသွင်ပြင်တို့နဲ့အတူ ပရိသတ်အသည်းနှလုံးတွေကို ဖမ်းစားထားနိုင်သူဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပန်းရောင်ခြယ်ရဲ့ ငယ်စဉ်ဘဝနေ့ရက်တွေထဲက အမှတ်တရတွေကို ဖတ်ရှုခံစားကြရမှပါ။

ပန်းရောင်ခြယ်ကို ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ မိခင်ဖြစ်သူ သဉ္ဇာဦးတို့က ဇန်နဝါရီ ၁၄ ရက် ၁၉၉၆ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ မွေးချင်းဖြစ်တဲ့ ညီမငယ်ပန်းသွန်းခြယ်ရှိပြီး ရန်ကုန်ဇာတိဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ သွက်လက်ချက်ချာသူ ပန်းရောင်ခြယ်က အရွယ်ရလာတာနဲ့အမျှ အနေအေးတဲ့ပုံစံကို ပြောင်းလဲလာခဲ့တယ်လို့လည်း ပြောပြခဲ့ပါတယ်။

“ငယ်ငယ်ကဆို ပန်းရောင်က အရမ်းသွက်တယ်။ ကြီးလာတော့ ငြိမ်သွားတယ်လို့ပြောကြတယ်။ ငယ်ငယ်ကဆို ဒယ်ဒီကအခွေအတွက် Cover Photo ရိုက်တာတို့၊ သီချင်း Music Video ရိုက်တာတို့အတွက် မော်ဒယ်တွေနဲ့အတူရိုက်ရင် လုံးဝမကြိုက်ဘူး။ ပြဿနာရှာတယ်။ ဒယ်ဒီရဲ့အနားလည်း အကပ်မခံဘူးလို့ ကြီးလာတော့ ပန်းရောင်ကိုပြန်ပြောကြတယ်” လို့ ပန်းရောင်ခြယ်က အမှတ်တရဆိုခဲ့ပါတယ်။

ပန်းရောင်ခြယ်က ငယ်စဉ်ကလေးဘဝမှာ မိဘများသွားလေရာ မြို့ကြီးများကို လိုက်ပါသွားတတ်ပြီး ညီမငယ် မွေးဖွားချိန်ကစတင်လို့ လိုက်ပါမသွားတော့ဘဲ ညီမငယ်နဲ့အတူ ထိန်းကျောင်းပေးတဲ့သူနဲ့ နေခဲ့တယ်လို့ ဆိုပါတယ်။

ပန်းရောင်ခြယ်က ကျောင်းပညာရေးအနေနဲ့တော့ မူကြိုကို ILBC မှာ စတင်တက်ရောက်ခဲ့ပြီး မူကြိုမတိုင်ခင် Sunday School ကိုလည်း Sister Filo ဆီမှာ တက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ သြစတြေးလျကို မိဘများနဲ့အတူ ပြောင်းရွှေ့သွားတဲ့အချိန်မှာတော့ မူလတန်းတက်နေစဉ်ဖြစ်တာကြောင့် Beechbero Christian School မှာ မူလတန်းဆက်တက်ခဲ့ပါတယ်။ အထက်တန်းကျောင်းနဲ့ St.Brigiol's College ကက်သလစ် မိန်းကလေးအထက်တန်းကျောင်းမှာ တက်ရောက်အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပန်းရောင်ခြယ်က University of Western Australia (UWA တက္ကသိုလ်) မှာ တက်ရောက်နေပါတယ်။ ဘာသာရပ်တွေအနေနဲ့ သင်္ချာ၊ Human Biology၊ Regilion နဲ့ Literature တို့ကို စိတ်ပါဝင်စားတယ်လို့ ဆိုပါတယ်။

“ပန်းရောင်က ပညာရေးမှာ အရမ်းထူးချွန်တယ်လို့တော့ မထင်ပါဘူး။ ပန်းရောင်ကြိုက်တဲ့ ဘာသာတွေမှာတော့ စာကိုသေချာမှန်မှန်လုပ်ပြီး ကြိုးစားတော့ တခြားဘာသာတွေထက်တော့ ရလဒ်ပိုကောင်းတယ်လို့ ထင်ပါတယ်။ ပန်းရောင်တက်ချင်တဲ့ တက္ကသိုလ်တက်ခွင့်ရတဲ့အတွက် ပျော်ပါတယ်” လို့ ပန်းရောင်ခြယ်က ပြောပြခဲ့ပါတယ်။

ပန်းရောင်ခြယ်က အနုပညာနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက ဝါသနာဗီဇပြသခဲ့သူဖြစ်ပြီး ကျောင်းတက်စဉ် တစ်လျှောက်လုံးမှာလည်း လက်လှမ်းမီတဲ့ အနုပညာလုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းတက်စဉ်မှာလည်း School Choir၊ Girls Choir၊ Rock Band နဲ့ School Musicals တွေအကုန်လုံးမှာ ပါဝင်ခဲ့ပါတယ်။ ဂီတနဲ့ပတ်သက်လို့လည်း Primary School ရော High School မှာပါ ဘာသာရပ်တစ်ခုအနေနဲ့ သင်ယူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိတက္ကသိုလ်မှာလည်း Glee Club မှာပါဝင်ထားတယ်လို့ ဆိုပါတယ်။ ပန်းရောင်ခြယ်က Architecture တက်ရောက်နေတာဖြစ်ပြီး တစ်ဖက်ကလည်း ဂီတလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပန်းရောင်ခြယ်က ဂီတလှုပ်ရှားမှုအနေနဲ့ အသက်သုံးလေးနှစ်အရွယ်ကတည်းက ဖခင်နဲ့အတူ အသံသွင်းစတူဒီယိုတွေကို လိုက်ပါခဲ့တာကြောင့် ဂီတနဲ့ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တယ်လို့ဆိုပါတယ်။ အသက်ကိုးနှစ်အရွယ်မှာ ပန်းရောင်ခြယ်က ယင်းမာတေးသံသွင်းကထုတ်ဝေတဲ့ Children's Song Album မှာ ‘Twinkle Twinkle Little Star’ တေးသီချင်းတစ်ပုဒ်ကို ပါဝင်သီဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖခင်နဲ့အတူ Wake Up Daddy တေးစီးရီးခွေအတွက် သေချာပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

“အဓိကတော့ Wake Up Daddy အခွေအတွက် ပန်းရောင်တို့သီချင်းလေးတွေ သေချာရွေးတယ်။ ဒယ်ဒီက အိမ်မှာ Demo တွေကို သေချာ သူ့ဘာသာသူ အကုန်တီးပြီးသွင်းတယ်။ ပန်းရောင်အချောဆိုတော့လည်း ဒယ်ဒီကဘေးမှာနားထောင်ပြီး ပြောပေးတယ်။ ပန်းရောင်တို့ရဲ့ ဒီအခွေလေးကို အားပေးခဲ့တဲ့အတွက်ရော ပန်းရောင်သီချင်းတွေကို နားထောင်ပေးခဲ့တဲ့ သူတွေရှိတဲ့အတွက်ပါ အရမ်းဝမ်းသာရသလို ကျေးဇူးတင်ပါတယ်” လို့ ပန်းရောင်ခြယ်က ဆိုပါတယ်။

ပန်းရောင်ခြယ်ကို ဂီတအမွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ဖခင်ဖြစ် သူဂရေဟမ်ကလည်း သမီးဖြစ်သူနားမှာ အချိန်ပြည့်ရှိနေပေးပြီး သီချင်းအသံသွင်းတာ၊ သီချင်းရွေးချယ်တာ၊ စင်မြင့်ထက်မှာ ဖျော်ဖြေတာတွေကို သင်ကြားပြသပေးပါတယ်လို့ ပန်းရောင်ခြယ်က ပြောပြခဲ့ပါတယ်။ ပန်းရောင်ခြယ်က အခက်အခဲတွေကြုံလာတိုင်းမှာလည်း မိဘနဲ့ပဲတိုင်ပင်ဖြစ်သလို ညီမလေးနဲ့လည်း တိုင်ပင်ဖြစ်တဲ့အပြင် မိသားစုလေးယောက်အတူ စဉ်းစားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းရောင်ခြယ်က လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ရှိုးတွေဆိုဖို့ရှိသလို ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်တယ်လို့ဆိုပါတယ်။ ပထမဆုံးတစ်ကိုယ်တော်ခွေကိုတော့ အမြန်ဆုံးထွက်ရှိနိုင်အောင် ကြိုးစားနေတယ်လို့ ပန်းရောင်ခြယ်က ပြောပြခဲ့ပါတယ်။

ပန်းရောင်ခြယ်က အသံချိုချိုအေးအေး သီဆိုဟန်နဲ့ ပရိသတ်အားပေးချစ်ခင်မှု ရရှိထားသလို အပြုံးချိုချိုလေးတွေနဲ့ သရုပ်ဆောင်တဲ့ဟန်ပန်တွေနဲ့လည်း ကြော်ငြာတွေမှာ နေရာယူထားသူတစ်ဦး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ သူပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရတွေ၊ ချန်လှပ်ထားခဲ့လို့မရတဲ့ အတိတ်နေ့စွဲတွေကို ဖတ်ရှုခံစားရင်း ဂီတနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက ဝါသနာဇွဲကြီးမားခဲ့တာတွေကိုလည်း တွေ့မြင်ခံစားနိုင်မှာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်တွေ၊ မလျှော့တဲ့ဇွဲလုံ့လတွေ၊ ဖြူစင်ရိုးသားမှုတွေနဲ့တူ ပန်းရောင်ခြယ်ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေကို ဖတ်ရှုခွင့်ရတဲ့အတွက် ကျေနပ်ကြမယ်လို့ထင်ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်တွေရဲ့ အတိတ်ပန်းချီကားချပ်တွေကို ပုံဖော်ပေးမလဲဆိုတာ စောင့်မျှော်ပေးပါဦးလို့...။

Most Read

Most Recent