အကယ်ဒမီစိုးပြည့်သဇင်နှင့် တွေ့ဆုံခြင်း

အကယ်ဒမီစိုးပြည့်သဇင်နှင့် တွေ့ဆုံခြင်း
Published 7 March 2018

မတ် ၂၃ ရက်တွင် ပြုလုပ်မည့် ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ပရိသတ်များကြားတွင် ရေပန်းစားနေသူတစ်ဦးမှာ ‘ခေါက်ထီးကလေး မလုံ့တလုံ’ ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင်အကယ်ဒမီ စိုးပြည့်သဇင်ပင်ဖြစ်သည်။ သူငယ်ချင်းအပေါ် ထားရှိသည့် သံယောဇဉ်၊ မကောင်းသည့် မိန်းကလေးတစ်ဦးအဖြစ် ဘဝရပ်တည်နေရသူ သူငယ်ချင်းကို တတ်နိုင်သမျှ ကူညီပေးချင်လိုသည့်စိတ်၊ ဘဝတွင်ရိုးသားဖြူစင်စွာ ဖြတ်သန်းလိုသူတစ်ဦးအဖြစ် ပေါ်လွင်စွာ ပုံဖော်ခဲ့သူ သရုပ်ဆောင်စိုးပြည့်သဇင်မှာ ယခုနှစ်တွင် ဒုတိယမြောက် အကယ်ဒမီဆုအတွက် ပရိသတ်များ ထင်ကြေးပေး ခန့်မှန်းခံနေရသူဖြစ်သည်။ သရုပ်ဆောင်ပိုင်းတွင်သာမက အဆိုပိုင်းတွင်ပါ ပရိသတ်အားပေးသူ၊ ယခုနှစ်အကယ်ဒမီအတွက် ပရိသတ်များ ရင်ခုန်မျှော်လင့်ပေးခြင်းခံရသူ၊ အစ်မဖြစ်သူ စန္ဒီမြင့်လွင်၏ မင်္ဂလာ အစီအစဉ်အတွက် ရင်ခုန်ပျော်ရွှင်ပေးနေသူ အကယ်ဒမီစိုးပြည့်သဇင်နှင့် တွေ့ဆုံ၍ သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - မျက်နှာဖုံးများဆိုတဲ့ ဇာတ်ကားမှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ သရုပ်ဆောင်ရမှာလဲ။ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။

ဖြေ - စိုးပြည့်တို့ မင်းသမီးတွေ အကုန်လုံးက Beauty Saloon မှာ အလုပ်လုပ်တဲ့ ကောင်မလေးတွေပေါ့။ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အဖြစ်အပျက်၊ အကြောင်းအရာ တစ်ခုစီရှိကြတယ်။ အဲဒီထဲက စိုးပြည့်ကတစ်ယောက်ပေါ့။ ဒီအတွက် ပြင်ဆင်မှုကတော့ Beauty Saloon ဆိုတာက စိုးပြည့်တို့မိန်းကလေးတွေအတွက် မစိမ်းဘူးဆိုပေမယ့် သူတို့ခေါင်းလျှော်တာ၊ အလုပ်လုပ်တာတွေကို အသေးစိတ်မသိဘူးလေ။ အဲဒီအတွက် အနီးကပ် လေ့လာသင်ယူထားပါတယ်။ သူတို့ရဲ့ဘဝတွေ၊ ဖြတ်သန်းရတဲ့ နေ့စဉ်ဘဝပေါ့။

■ မေး - ဒီဇာတ်ကားက ကြည့်ရတဲ့ပရိသတ်တွေအတွက် ဘယ်လိုရသမျိုးရနိုင်မလဲ။

ဖြေ - ပြောရမယ်ဆိုရင် မင်းသမီးငါးယောက်ဖြစ်သလို တစ်ယောက်ချင်းစီတိုင်းကလည်း မတူကွဲပြားတဲ့ကဏ္ဍတွေနဲ့ သရုပ်ဆောင်ရမှာဖြစ်တယ်။ မတူတဲ့ ရသလေးတွေပေးနိုင်မယ်။ အချစ်အလွမ်းအဆွေးပေါ့။ အဖြစ်အပျက်လေးတွေမှာ ဒါရိုက်တာပေးချင်တဲ့ Message လေးတွေလည်း ရနိုင်ပါတယ်။

■ မေး - မကြာခင် ပြုလုပ်တော့မယ့် အကယ်ဒမီဆုပေးပွဲအတွက် ခေါက်ထီးကလေး မလုံ့တလုံ ဇာတ်ကားနဲ့ စိုးပြည့်ကို ရင်ခုန်ပေးနေကြတယ်နော်။

ဖြေ - အဲဒီလိုမျိုးရစေချင်တယ် ဆိုတာလေး ကြားရတာနဲ့တင် အရမ်းဝမ်းသာရပါတယ်။ ရတာမရတာထက် ပိုပြီးဝမ်းသာရပါတယ်။ ဒီကားရုံတင်ကတည်းက သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုခဲ့တယ်ပေါ့နော်။ စိုးပြည့်ဘက်ကတော့ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားထားပါတယ်။ ကံတရားနဲ့ ကိုယ့်ရဲ့ကြိုးစားမှုကသာ ထပ်တူကျမယ်၊ အကဲဖြတ်ပေးမယ့်လူကြီးတွေကလည်း စည်းမျဉ်းစည်းကမ်းအတိုင်း ကိုက်ညီတယ်ဆိုရင် ပရိသတ်ဆုတောင်းပေးတဲ့အတိုင်း ဖြစ်နိုင်တယ်ပေါ့။ ကံနဲ့လည်း အများကြီး ဆိုင်ပါတယ်။

■ မေး - ပထမတစ်ကြိမ်ဆုရခဲ့တဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ရတဲ့ စိတ်ကျေနပ်မှုနဲ့ အခုဒီဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ စိတ်ကျေနပ်မှုက ဘာတွေကွာခြားလဲ။

ဖြေ - ခေါက်ထီးကလေးမလုံ့တလုံမှာ သရုပ်ဆောင်ခွင့်ရတာ အရမ်းအားရပါတယ်။ ကိုယ့်ကိုစပြီး ကမ်းလှမ်းကတည်းကလည်း အကြိမ်ကြိမ်ဖတ်ပြီး အမွန် ဆိုတဲ့ဇာတ်ရုပ်ကို ရင်ထဲမှာမွေးဖွားခဲ့တာပါ။ တကယ်လုပ်တဲ့အခါလည်း တွဲဖက်သရုပ်ဆောင်ရတဲ့ မအေးမြတ်သူက အရမ်းကြိုးစားတယ်။ ကိုကျော် (မင်းမော်ကွန်း) ဆိုလည်း စီနီယာပီသစွာနဲ့ စိုးပြည့်တို့ကို လက်တွဲခေါ်သွားခဲ့တယ်။ ပထမရခဲ့တဲ့ မိုးညအိပ်မက်မြူ ဇာတ်ကားတုန်းကတော့ စိုးပြည့်အသက်ကလည်း ၁၆ နှစ်ပဲ ရှိသေးတယ်။ အတွေ့အကြုံကလည်း အရမ်းနည်းသေးတယ်။ ဇာတ်ကောင်ရဲ့ စီးမျောမှုကတော့ ဒီဇာတ်ကားမှာ ပိုပြီးအားထုတ်ထားသလို အတွေ့အကြုံလည်း ပိုများလာတယ်ပေါ့နော်။ အပြင်မှာလည်း စိုးပြည့်က သူငယ်ချင်းတွေကို အရမ်းချစ်တတ်သလို အမွန်ဆိုတဲ့ဇာတ်ကောင်ကို ကိုယ်ချင်းစာလို့ရတယ်။ ဘဝတူချင်း ကိုယ်ချင်းစာတယ်ဆိုတဲ့စိတ်ကို အဓိကထားခဲ့တာပါ။

■ မေး - တခြားဘယ်သူတွေအတွက် အကယ်ဒမီ ရင်ခုန်ပေးချင်သေးလဲ။

ဖြေ - ကိုယ့်ရဲ့ အနုပညာအစ်ကိုအစ်မတွေ အကုန်လုံးကို ထိုက်တန်တဲ့ဆုတွေ ရစေချင်တယ်။ အမှတ်ပေးတဲ့သူတွေကလည်း သေချာရွေးချယ်ပေးတာဖြစ်တဲ့အတွက် ထိုက်တန်တဲ့သူတွေရကြမယ်လို့ ယုံကြည်ပါတယ်။

■ မေး - အကယ်ဒမီဖက်ရှင်အတွက်ရော ပြင်ဆင်ထားပြီးပြီလဲ။

ဖြေ - ဒီဇိုင်နာကတော့ မြပွင့်ဖြူပါ။ ပိုးထည်ကတော့ ယဉ်သူထိုက်ပါ။

■ မေး - ပရိသတ်တွေ မျှော်လင့်ပေးသလို ဆုများတကယ်လို့ ရခဲ့မယ်ဆိုရင် အမှတ်တရတစ်ခုခုလုပ်ဖို့ စိတ်ကူးရှိလား။

ဖြေ - အဲဒီလိုမျိုး လုပ်ပေးချင်ပါတယ်။ အခုလို ဆုတောင်းပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အမှတ်တရတွေ လုပ်ပေးချင်သလို ပိုပြီးလည်း ကြိုးစားချင်ပါတယ်။

■ မေး - နောက်ပိုင်းလက်ခံရတဲ့ ဇာတ်ရုပ်တွေမှာရော ပိုပြီးတာဝန်ကြီးလာတယ်လို့ ပြောလို့ရမလား။

ဖြေ - ဇာတ်ကားတစ်ကားမှာ စိုးပြည့်ပါဝင်ရတာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ့်ရဲ့ကာရိုက်တာကို ပရိသတ်တွေ အသိအမှတ်ပြုနိုင်ရမယ်။ ထူးမခြားနားတာတွေ မလုပ်ချင်ဘူး။ ဖောက်ထွက် ဖန်တီးနိုင်တာတွေပဲ လုပ်ချင်တယ်။ ပရိသတ်တွေ စိတ်ဝင်စားမယ့် ဇာတ်ကားမျိုးတွေ၊ ဇာတ်ရုပ်မျိုးတွေ ပိုပြီးလုပ်ချင်ပါတယ်။

■ မေး - ဒီးဒီ(စန္ဒီမြင့်လွင်)က အရမ်းတွဲတဲ့ ညီအစ်မဖြစ်တော့ အခုမင်္ဂလာဆောင်တော့ နှမြောစိတ်ဖြစ်နေလား။

ဖြေ - သူတို့မယူခင်တုန်းက ဘာလို့ယူမှာလဲ။ နှမြောစရာကြီးဆိုပြီး ခဏခဏပြောတယ်။ တစ်ဖက်ကနေ ပြန်တွေးမယ်ဆိုရင် သူချစ်တဲ့သူလေ။ သူလက်ထပ်မယ့်ကိစ္စမှာ လက်မခံနိုင်စရာတော့ မရှိဘူး။ အစ်မ မင်္ဂလာဆောင်ရင် ညီမတွေမှာဖြစ်တတ်တဲ့ စိတ်လေးတော့ ရှိတာပေါ့။ သူတို့ကိုကြည့်ပြီးတော့ ပျော်ရပါတယ်။ ကိုသီဟလွင်က မဒီးကိုလည်းချစ်တယ်။ အေးလည်းအေးတယ်။ အစ်ကိုတစ်ယောက်လိုလည်း ခံစားရတယ်။ မဒီးအတွက် စိတ်ချတာပေါ့။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိဦးမလား။

ဖြေ - အပြောချင်ဆုံး စကားတစ်ခွန်းက ကျေးဇူးအများကြီးတင်ပါတယ်လို့ပါ။ အားပေးတဲ့ချစ်တဲ့သူတွေရှိလို့သာ နေရာလေးတစ်ခုမှာ ရပ်တည်နိုင်တာပါ။ မိဘတွေကို ရိုးရိုးသားသား လုပ်ကျွေးနိုင်တာ ဒီအနုပညာအလုပ်နဲ့ပါ။ အများကြီးလည်း ဆက်လုပ်ခွင့်ရချင်ပါတယ်။ အများကြီးလည်း ကြိုးစားပါမယ်။

Most Read

Most Recent