တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ ‘စိုင်းစိုင်းက စိုင်းစိုင်း’ အယ်လ်ဘမ်သစ် မကြာမီထွက်ရှိရန်စီစဉ်ထား

တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ ‘စိုင်းစိုင်းက စိုင်းစိုင်း’ အယ်လ်ဘမ်သစ် မကြာမီထွက်ရှိရန်စီစဉ်ထား
Published 3 March 2018

တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ ‘စိုင်းစိုင်း ကစိုင်းစိုင်း’ ဟုအမည်ပေးထားသည့် အယ်လ်ဘမ်သစ်ကို မကြာမီထွက်ရှိရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ အယ်လ်ဘမ်သစ်အတွက် တေးသီချင်းများအား အသံသွင်းယူထားပြီးဖြစ်ကာ စိတ်တိုင်းကျ ဖန်တီးနေခြင်းအတွက် အချိန်ကြာမြင့်နေရခြင်း ဖြစ်ကြောင်းသိရသည်။

“ဒီဘက် နှစ်နှစ်လောက်အတွင်းမှာ ကျွန်တော့်အနေနဲ့ ဂီတအပေါ်တာဝန်မကျေတာတွေရှိပါတယ်။ ရုပ်ရှင်တွေရိုက်နေတယ်။ ရှိုးတွေဆိုတယ်။ နှုတ်ခမ်းနီရောင်းတာတွေ လုပ်ဖြစ်တယ်။ အဲဒီအတွက်သီချင်းသစ် တွေမထွက်ဖြစ်ခဲ့ဘူး။ ဒါကြောင့်ဂီတအပေါ် တာဝန်မကျေသလို ခံစားရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွင့်လင်းရာသီလောက်ကတည်းက ကျွန်တော့်ရဲ့ အယ်လ်ဘမ်သစ်ကိုထွက်မယ်လို့ စိတ်ကူးခဲ့ပေမယ့် Frenzo artist တွေရဲ့ အခွေထွက်မယ့်အစီအစဉ်တွေက အကြောင်းကြောင်းကြောင့် နောက်ဆုတ်ခဲ့ကြသလို ကျွန်တော့်အယ်လ်ဘမ်လည်း ထွက်မယ့်ရက်က မှန်းထားတာ ထက်နောက်ကျခဲ့ပါတယ်။ အခုတော့ Frenzo artist တွေဖြစ်တဲ့ Snare တို့ G - Fatt တို့လည်း အခွေတွေထွက်ပြီဖြစ်တာကြောင့် ကျွန်တော့်ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်သစ်ကို မကြာခင်မှာ ထွက်နိုင်ဖို့ စီစဉ်နေပါပြီ။ လောလောဆယ်သီချင်း ၁၀  ပုဒ်ကို အသံသွင်းထားပြီးဖြစ်သလို နောက်ထပ်ဖန်တီးထားတဲ့သီချင်း ၁၀ ပုဒ်လောက်ကလည်း အဆင်သင့်ရှိနေပါတယ်။ ဒါကြောင့် သီချင်းဘယ်နှပုဒ်လောက် ပါဖြစ်မလဲတော့ သေချာမသိသေးဘူး။ ကျွန်တော့်အခွေသစ် ထွက်တော့မယ်ဆိုတဲ့အခါ အရမ်းစိတ်လှုပ်ရှားပါတယ်။ ကျွန်တော့်ပရိသတ်တွေလည်း စောင့်ရတာ တော်တော်ကြာပါပြီ။ နောက်ထပ် အသစ်အားပေးမယ့် လူငယ်ပရိသတ်တွေကရော ကျွန်တော်ဖန်တီးထားတဲ့ သီချင်းတွေကို ဘယ်လိုခံစားတုံ့ပြန်မလဲ၊ ကြိုက်ကြမလား၊ ရင်ဘတ်ချင်း ထပ်တူကျပါ့မလား ဆိုတာက တော်တော်လေး ရင်ခုန်စရာ ကောင်းပါတယ်။ အယ်လ်ဘမ်နဲ့ ပတ်သက်လို့ အသေးစိတ်အချက်တွေကိုလည်း ပရိသတ်တွေကို အသိပေးသွားပါဦးမယ်” ဟု တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က ဆိုပါသည်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် ချောကလက်ရောင်ရေခဲအိပ်မက်၊ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show ၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday ၊ အဲဗားဂေါ်လီ၊ ဒိတ်ဒိတ်ကြဲ တေးအယ်လ်ဘမ်များအား ထွက်ရှိထားပြီး ယခုအခါ စိုင်းစိုင်းက စိုင်းစိုင်းဟု အမည်ပေးထားသည့် အယ်လ်ဘမ်သစ်ထွက်ရှိရန် စီစဉ်ထားခြင်း ဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်၏ အသစ်ထွက်ရှိမည့် အယ်လ်ဘမ်အတွက် စိုင်းစိုင်းခမ်းလှိုင် ကိုယ်တိုင်တေးသီချင်းများ အားရေးသားဖန်တီးလျက်ရှိပြီး အခွေထွက်ရှိမည့် အစီအစဉ်အသေးစိတ်အား ပရိသတ်များထံ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စိုင်းစိုင်းခမ်းလှိုင်၏ ဧပြီ ၁၀ ရက်တွင် ကျရောက်မည့် မွေးနေ့ဖျော်ဖြေပွဲကိုလည်း အစဉ်အလာမပြတ် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent