၂၀၁၇ ခုနှစ်၏ ကမ္ဘာ့ရောင်းအား အကောင်းဆုံးအဆိုတော်အဖြစ် အက်ဒ်ရှီးရန် ဖော်ပြခံရ

၂၀၁၇ ခုနှစ်၏ ကမ္ဘာ့ရောင်းအား အကောင်းဆုံးအဆိုတော်အဖြစ် အက်ဒ်ရှီးရန် ဖော်ပြခံရ
Published 28 February 2018

Photo: AFP

ကမ္ဘာလုံးဆိုင်ရာ တေးသံသွင်းလုပ်ငန်းအဖွဲ့ IFPI က ဗြိတိန်အဆိုတော် အက်ဒ်ရှီးရန်ကို ၂၀၁၇ ခုနှစ်၏ ကမ္ဘာ့ရောင်းအား အကောင်းဆုံး အဆိုတော်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရှီးရန်၏ ÷ (Divide) အယ်လ်ဘမ်သည် ၂၀၁၇ ခုနှစ်၏ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်ပြီး ယင်းအယ်လ်ဘမ်တွင် ပါဝင်သည့် Shape of You သီချင်းသည်လည်း ရောင်းအားအကောင်းဆုံးသီချင်းဖြစ်ခဲ့သည်ဟု လန်ဒန်အခြေစိုက် IFPI က ထုတ်ပြန်ခဲ့သည်။

ရှီးရန်သည် One Direction၊ တေလာဆွစ်၊ အဒဲနှင့် ဒရိတ်တို့ပြီးလျှင် Shape of You ဆုရရှိသည့် ပဉ္စမမြောက် အဆိုတော်ဖြစ်သည်။

“အက်ဒ်ရဲ့ အောင်မြင်မှုဟာ အံ့အားသင့်စရာ ကောင်းပါတယ်။ သူ့ရဲ့ သီချင်းရေးသားမှုနဲ့ သီချင်းသီဆိုမှု အရည်အချင်းတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ပရိသတ်တွေ ရှိနေတာပါ” ဟု IFPI ၏ အမှုဆောင်အရာရှိချုပ် Frances Moore က ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် မတ်က ဖြန့်ချိခဲ့သည့် ရှီးရန်၏ တတိယမြောက်အယ်လ်ဘမ် ÷ (Divide) သည် ဗြိတိန်တွင် ချပ်ရေနှစ်သန်းကျော် ရောင်းချနိုင်ခဲ့သည်။ ရှီးရန်သည် ယင်းအယ်လ်ဘမ်ဖြင့် အကြိမ် (၆၀) မြောက် ဂရမ်မီဆုပေးပွဲတွင် အကောင်းဆုံး ပေါ့ပ်အယ်လ်ဘမ်ဆု ဆွတ်ခူးခဲ့သည်။

ယင်းအယ်လ်ဘမ်သည် ဂီတဈေးကွက်တွင် ပလက်တီနမ်အဖြစ် (၃၆) ကြိမ်ဖော်ပြခံခဲ့ရပြီး Shape of You သီချင်းသည် ပလက်တီနမ်အဖြစ် (၃၂) ကြိမ် ဖော်ပြခံခဲ့ရသည်ဟု IFPI က ထုတ်ပြန်ခဲ့သည်။

တစ်နှစ်တာအတွင်း အွန်လိုင်းတွင် ထုတ်လွှင့်မှု၊ Download ကူးယူမှုနှင့် အယ်လ်ဘမ်ရောင်းချမှုကို အခြေခံပြီး Shape of You ဆုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် အဆိုပါစာရင်းတွင် ဒရိတ်နှင့် တေလာဆွစ်တို့က ဒုတိယနှင့် တတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။

Most Read

Most Recent