တေးသံရှင် ဟန်နေလွင်လွင်နှင့် တွေ့ဆုံခြင်း

တေးသံရှင် ဟန်နေလွင်လွင်နှင့် တွေ့ဆုံခြင်း
Published 28 February 2018

အနုပညာလောကအတွင်း အနုပညာအမွေအား လက်ဆင့်ကမ်းသယ် ဆောင်လာသည့် မျိုးဆက်သစ် အနုပညာရှင်များစွာရှိသည့်အနက် ဖခင်ဖြစ်သူ ဦးရင်ဂိုနှင့် အစ်ကိုဖြစ်သူ ကျားပေါက်တို့၏ ဂီတအမွေအား လက်ဆင့်ကမ်း သယ်ဆောင်လာသူမှာ တေးသံရှင်ဟန်နေလွင်လွင် ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် ဂီတဘာသာရပ် အထူးပြုဖြင့်ဘွဲ့ရရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ Academy of Rock Myanmar ဂီတသင်တန်းကျောင်း ဖွင့်လှစ်ထားခဲ့ကာ လက်ရှိတွင် Hannay and the Zens တီးဝိုင်းဖွဲ့စည်းပြီးနောက် ‘Fly High’ ဟု အမည်ပေးထားသည့် တေးအယ်လ်ဘမ် ထွက်ရှိထားသူဖြစ်သည်။ ဝါသနာပါရာဂီတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသူ တေးသံရှင်ဟန်နေလွင်လွင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - ပထမဆုံးတော့ Hannay and the Zens Band လေးဖွဲ့ဖြစ်ပုံနဲ့ အယ်လ်ဘမ်ထွက်ဖို့ စီစဉ်ဖြစ်တာလေး အရင်သိချင်ပါတယ်။

ဖြေ - ခူးခူးက စင်ကာပူမှာ Music နဲ့ကျောင်းပြီးတယ်။ ကျောင်းပြီးတော့ စင်ကာပူမှာရှိတဲ့ Academy of Rock ကျောင်းမှာ Guitar Instructor အနေနဲ့ လေးနှစ်ခွဲ လုပ်ဖြစ်ပါတယ်။ အဲဒီကတည်းက Music တွေ စလုပ်ဖြစ်တာပေါ့နော်။ ကျောင်းတုန်းကတော့ ငယ်ငယ်ကတည်းက Music ကို မလုပ်ဖြစ်တဲ့အတွက် စာတော်တော်လေး လိုက်ရတဲ့အတွက် သီချင်းဘက်ကို အာရုံသိပ်မစိုက်နိုင်ခဲ့ဘူး။ အခွေထွက်ဖို့၊ အဆိုတော်လုပ်ဖို့ အစီအစဉ်မရှိခဲ့ဘူး။ သီချင်းဆိုချင်စိတ် ဖြစ်လာတာကတော့ သီချင်းရေးဖြစ်ရာကနေစတာပါ။ ကိုယ်ရေးတဲ့သီချင်းဆိုတော့ ကိုယ်တိုင်တီးချင်လာတယ်။ Arrangement လုပ်ချင်လာတယ်။ ဆိုချင်လာတယ်။ အဲဒီလိုကနေ ဆိုဖြစ်လာတာပါ။ စင်ကာပူကနေ ပြန်လာတော့ သီချင်းလေးတွေ စုထားတာလည်း ရှိလာတယ်။ ကိုကျားပေါက်ကလည်း ခူးခူးအတွက် သီချင်းလေးတွေ ရေးပေးထားတာ ရှိတယ်ပြောလာတယ်။ Band ဖွဲ့ဖြစ်တာကတော့ Hannay and the Zens တီးဝိုင်းထဲက ဒီလာဆိုတာက စင်ကာပူမှာကတည်းက Best Friend တွေပါ။ သူနဲ့က အချိတ်အဆက် မိပြီးသားပေါ့။ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါမှာ Academy of Rock ကို Franchise ယူပြီး ဒီမှာကျောင်းဖွင့် ဖြစ်တယ်။ အဲဒီကျောင်းမှာ ဒရမ်ဆရာဖြစ်တဲ့ ကိုနေကလည်း Band မှာ ပါလာတာပေါ့။ အဲဒီကနေမှ Hannay and the Zens Band ဆိုပြီးဖွဲ့ဖြစ်သွားတာ။

■ မေး - Hannay and the Zens Band ဆိုတဲ့နာမည်ကို ပေးဖြစ်တာကရော။

ဖြေ - ခူးခူးရဲ့ နာမည်က ဟန်နေလွင်လွင်လေ။ ပထမ EP Album လေးအွန်လိုင်းကနေ ထွက်လိုက်သေးတယ်။ အဲဒီခွေထဲမှာ Big Bag တီးတာပါတယ်။ ခူးခူးကိုယ်တိုင်တီးတာဆိုတာ ပါတယ်ပေါ့။ အခုကျတော့ အယ်လ်ဘမ် တစ်ခွေလုပ်မယ်ဆိုတဲ့အခါ Band နာမည်လေးပေးမယ်လုပ်တဲ့အခါ ဟန်နေနဲ့ Zens ဆိုတာကတော့ ဗုဒ္ဓဘာသာမှာ ဈာန်ဆိုတဲ့ အဓိပ္ပာယ်လေးပါ။

■ မေး - အယ်လ်ဘမ်နာမည်လေးကို Fly High လို့ နာမည်ပေးဖြစ်တာကရော။

ဖြေ - အဲဒါကလည်း ခူးခူးတို့ Hannay and the Zens Band ထဲကသုံးယောက်စလုံးက Music နဲ့ပတ်သက်ရင် High ဖြစ်နေတယ်ပေါ့။ ဒီအယ်လ်ဘမ်ကို နားထောင်တဲ့သူတွေကလည်း High ဖြစ်တဲ့ ခံစားချက်မျိုးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

■ မေး - ဒီအခွေမှာ ဘယ်လိုပုံစံမျိုးတွေ အဓိကဖန်တီးထားလဲ။

ဖြေ - ငယ်ငယ်ကတည်းက ဖေဖေတို့၊ ကိုကျားပေါက်တို့ကို အထင်ကြီးပြီး ကြီးပြင်းလာတဲ့အခါကျတော့ သီချင်းရေးတဲ့ဆိုတဲ့အခါ ရော့ခ်ဖြစ်ရမယ်၊ ဘာဖြစ်ရမယ်ဆိုတဲ့ Boundary တော့ မထားဘူး။ ဒါပေမဲ့ သူတို့ရဲ့ Influence တော့ အများကြီးရှိတယ်။ ဖေဖေဖွင့်တဲ့သီချင်း၊ ကိုကျားပေါက်ဖွင့်တဲ့ သီချင်းတွေနဲ့ ကြီးပြင်းလာတဲ့အခါကျတော့ အခွေလုပ်တော့၊ သီချင်းရေးတော့ဆိုတော့ အဲဒီလိုပုံစံတွေ ဖြစ်တာပေါ့။ ဒီအခွေမှာ ရော့ခ်သီချင်း အများစုပါတယ်။ Slow Rock၊ Punk Rock၊ Metal Rock စသဖြင့် အမျိုးမျိုးပါတယ်။ ရော့ခ်ကာဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးနဲ့တော့ လုပ်ထားတာမဟုတ်ဘူး။ စိတ်ထဲမှာဖြစ်လာတဲ့အတိုင်း ဆိုထားတာပါ။ ဒီအခွေမှာ ကိုကျားပေါက်ရေးပေးထားတာ ငါးပုဒ်ပါတယ်။ ဦးစောခူဆဲနဲ့ ခူးခူးတို့နှစ်ယောက်ပေါင်းပြီး ရေးထားတာလည်း ပါတယ်။ ဖေဖေ့သီချင်းလေးတစ်ပုဒ် ပြန်ဆိုတာပါတယ်။ အားလုံးခြုံကြည့်ရင်တော့ ရော့ခ်အယ်လ်ဘမ်လေး ဖြစ်နေတာပေါ့နော်။

■ မေး - ဦးရင်ဂိုရဲ့သမီး၊ ကိုကျားပေါက်ရဲ့ညီမဖြစ်နေတော့ ဂီတတွေဖန်တီးရာမှာ ပိုပြီးတာဝန်ကြီးတယ်လို့ထင်လား။ ဒါမှမဟုတ် ပိုပြီး Chance ကောင်းတယ်လို့ ခံစားရလား။

ဖြေ - တာဝန်ကြီးတယ်လို့တော့ မထင်ဘူး။ Music လုပ်တာကို တာဝန်လို့လည်းမတွေးမိဘူး။ Chance ပိုများတယ်လို့ ထင်တယ်။ ခူးခူး စလုပ်ကတည်းက ဖေဖေတို့၊ ကိုကျားပေါက်တို့ ပရိသတ်တွေက Welcome လုပ်တယ်။ ခူးခူးစိတ်ထဲမှာ ပေါ့ပေါ့ပါးပါး လုပ်လိုက်တာပါပဲ။

■ မေး - အယ်လ်ဘမ်ထွက်လာတဲ့အချိန်မှာ စိတ်တိုင်းကျမှု အပြည့်အဝရှိလား။

ဖြေ - ခူးခူးရဲ့ EP အယ်လ်ဘမ်ထက်ကို ပိုပြီးအားရတယ်။ အဲဒီတုန်းက ဟန်နေလွင်လွင်အနေနဲ့ ထွက်ခဲ့တဲ့အခါကျတော့ Solo Artist အနေနဲ့ဖြစ်သွားတယ်။ တကယ်တော့ခူးခူးက Solo Artist မဖြစ်ချင်ဘူး။ Team Work နဲ့သွားချင်တာ။ အယ်လ်ဘမ်ထဲမှာ Band နဲ့ ရေးထားတာတွေလည်းပါတယ်။ သုံးယောက် အချိတ်အဆက်မိမိ ဖန်တီးထားတဲ့အခါကျတော့ ပိုပြီးအားရပါတယ်။

■ မေး - မြန်မာဂီတလောကမှာကျတော့ Band အနေနဲ့သွားမယ်ဆိုရင် ရုန်းကန်ရတာတွေ ရှိတယ်ပေါ့နော်။ ပိုပြီးအားထုတ်ရမယ်လို့ထင်လား။

ဖြေ - Solo Artist ပဲဖြစ်ဖြစ်၊ Band ပဲဖြစ်ဖြစ် နှစ်ခုစလုံးကတော့ အားထုတ်ရမှာပါပဲ။ ခူးခူးကတော့ ဘယ်လောက်အောင်မြင်ရမယ်ဆိုတာထက် ကြိုးစားထားတဲ့ အယ်လ်ဘမ်လေးဖြစ်တဲ့အတွက် နားထောင်ကြည့်စေချင်တာပါ။

■ မေး - Canal Plus မှာလည်း ညီမလေးရဲ့ Music Video လေး တင်ထားတာတွေ့တယ်နော်။

ဖြေ - Music Video က နှစ်ပုဒ်ရိုက်ထားတယ်။ အခွေမှာလည်း ပါတယ်ပေါ့နော်။ အဆိပ်နဲ့ wake up ဆိုတာပေါ့။ wake up ကတော့ fg entertainment က ရိုက်ထားတာ။ ထပ်ရိုက်ဖို့တော့ ရှိသေးတယ်။

■ မေး - မတ် ၃ ရက်မှာလည်း ဖျော်ဖြေဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲဒီပွဲမှာလည်း Big Bag အဖွဲ့က Special guest အနေနဲ့ပါဝင်မှာဆိုတော့ အဲဒီပွဲအကြောင်းလေး ပြောပြပေးပါဦး။

ဖြေ - မတ် ၃ ရက်မှာ Yangon Yangon Bar မှာ ပွဲလုပ်ဖို့ရှိပါတယ်။ Hannay and the Zens ရဲ့ ပရိုမိုးရှင်းပွဲပေါ့။ Fly High အခွေထဲက သီချင်းတွေ အားလုံးနီးပါး ဖျော်ဖြေမယ်။ Big Bag ကလည်း Special Featuring အနေနဲ့ပါပါမယ်။ ည ၉ နာရီကနေစပြီး ဖျော်ဖြေမယ်။ Ticket ကတော့ ငါးထောင်ပါပဲ။ Yangon Yangon Bar မှာ လက်မှတ်ဝယ်နိုင်သလို Academy of Rock မှာလည်း ဝယ်နိုင်ပါတယ်။

■ မေး - ကိုကျားပေါက်နဲ့အတူတွဲပြီး ဖျော်ဖြေမယ့် အစီအစဉ်လေးပါမှာလား။

ဖြေ - အတူတူတီးဖို့ ရှိပါတယ်။ Fly High အခွေထဲက အဖွင့်သီချင်းက ကိုကျားပေါက် ရေးပေးထားတာလေ။ အဲဒီသီချင်းလေးမှာ အတူတီးမယ့် အစီအစဉ်လေးလည်း ပါပါမယ်။

■ မေး - ဒီပွဲကို လာအားပေးမယ့် ပရိသတ်တွေကို ပြောချင်တာလေးရှိရင် ပြောပေးပါဦး။

ဖြေ - ဒီပွဲက Hannay and the Zens ရဲ့ ပထမဆုံးပွဲလို့ ပြောလို့ရတယ်။ အားလပ်ရက်မှာ လုပ်မယ့်ပွဲလည်းဖြစ်သလို Big Bag လည်း ပါမှာဖြစ်တဲ့အတွက် လာရောက် အားပေးပါဦးလို့။

■ မေး - ဂီတနဲ့ပတ်သက်လို့ရော ဘယ်လိုရည်မှန်းထားလဲ။

ဖြေ - ခူးခူးက Music Education ပိုင်းကိုလည်း ကျောင်းလေး ဖွင့်ထားတယ်။ Performance ပိုင်းဆိုလည်း သီချင်းဆိုတာ ရေးတာ တီးတာပေါ့။ Music ကိုပဲလုပ်တတ်တဲ့အခါကျတော့ ဒီအလုပ်လေးကိုပဲ အမြဲတမ်း လုပ်ခွင့်ရချင်ပါတယ်။

Most Read

Most Recent