ဘောလိဝုဒ်သရုပ်ဆောင် သီရိဒေဝီ နှလုံးရောဂါဖြင့် ကွယ်လွန်

ဘောလိဝုဒ်သရုပ်ဆောင် သီရိဒေဝီ နှလုံးရောဂါဖြင့် ကွယ်လွန်
Published 26 February 2018

၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အောင်မြင်ခဲ့သည့် ဘောလိဝုဒ်အမျိုးသမီး သရုပ်ဆောင် သီရိဒေဝီကပူးသည် ဒူဘိုင်းတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်ဟု ၎င်း၏မိသားစုဝင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် PTI သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

အသက် ၅၄ နှစ်အရွယ် သီရိဒေဝီသည် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် ဒူဘိုင်း၌ပြုလုပ်သည့် တူဖြစ်သူ၏ မင်္ဂလာပွဲတက်ရောက်နေစဉ် ကွယ်လွန်ခဲ့သည်ဆိုသော သတင်းကြောင့် ပရိသတ်များနှင့် မိတ်ဆွေများ အံ့အားသင့်ခဲ့ကြသည်။

ဝန်ကြီးချုပ် နရင်ဒရာမိုဒီအပါအဝင် အိန္ဒိယနိုင်ငံရေးသမားများနှင့် အနုပညာရှင်များက သီရိဒေဝီသေ ဆုံးမှုအတွက် ဝမ်းနည်းကြောင်း Twitter တွင် ရေးသားခဲ့ကြသည်။

“ပြောစရာစကားမရှိအောင် ဝမ်းနည်းရတယ်။ သီရိဒေဝီကို ချစ်တဲ့သူတိုင်းအတွက် ဝမ်းနည်းစကားပါပဲ” ဟု ဘောလိဝုဒ်သရုပ်ဆောင် ပရီယန်ကာချိုပရာက Twitter တွင် ရေးသားခဲ့သည်။

သီရိဒေဝီသည် အသက်လေးနှစ်အရွယ်တွင် ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကသို့ ဝင်ရောက်ခဲ့ပြီး အနုပညာနယ်ပယ်တွင် ဆယ်စုနှစ်လေးခုနီးပါး အောင်မြင်မှုရရှိခဲ့သည်။ ၎င်းသည် Chandni ၊Mr India ၊Mawali နှင့် Tohfa အစရှိသည့် ရုံပြည့်ရုံလျှံအားပေးမှုရရှိခဲ့သည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

သီရိဒေဝီသည် Judaai ဇာတ်ကားရိုက်ကူးခဲ့ပြီးနောက် ဇာတ်ကားရိုက်ကူးမှုများကို ၁၅ နှစ်ကြာ ရပ်နားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် English Vinglish ဇာတ်ကားဖြင့် ဇာတ်ကားရိုက်ကူးမှုများကို တစ်ကျော့ပြန် လုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့သည့်  သြာဇာတ်ကားသည် သီရိဒေဝီနောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားဖြစ်သည်။

သီရိဒေဝီသည်  အိန္ဒိယရုပ်ရှင် နှစ် ၁၀၀ ပြည့်သည့် ၂၀၁၃ ခုနှစ် တွင် CNN - IBN ၏ နိုင်ငံတစ်ဝန်း ကောက်ခံခဲ့သည့် စစ်တမ်းတစ်ခုတွင် နှစ် ၁၀၀ အတွင်း အိန္ဒိယ၏ အောင်မြင်မှုအရှိဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ သီရိဒေဝီသည် အနုပညာ သက်တမ်းတစ်လျှောက် Filmfare ဆုငါးကြိမ်ရရှိခဲ့သည်။ အိန္ဒိယ အနုပညာလုပ်ငန်းအတွက် ကူညီပံ့ပိုးပေးခဲ့မှုကြောင့် အိန္ဒိယတွင် အရပ်သားများကို ဂုဏ်ပြုသည့် စတုတ္ထအမြင့်ဆုံးဆုဖြစ်သော Padma Shri ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

Most Read

Most Recent