သရုပ်ဆောင်မော်ဒယ် ဆုအိမ့်စံရဲ့ ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင်မော်ဒယ် ဆုအိမ့်စံရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 22 February 2018

ရောင်စုံပန်းတွေပွင့်လန်းနေတဲ့ ဥယျာဉ်ကြီးတစ်ခုလို့ဆိုရမယ့် အနုပညာပန်းခင်းထဲမှာ လှပလန်းဆန်းတဲ့ ပန်းရောင်စုံတွေ ပွင့်လန်းလို့နေပါတယ်။ ဒီလိုအရောင်အသွေးစုံလင်တဲ့ ပန်းရောင်စုံတွေထဲမှာ နူးညံ့လှပတဲ့ ပန်းလေးတစ်ပွင့်အဖြစ် အသိအမှတ်ပြုလာစေသူက လူငယ်သရုပ်ဆောင် မော်ဒယ်ဆုအိမ့်စံပါ။ ဖေ့စ်ဘုတ်ရွာရုပ်ရှင်ဇာတ်ကားမှာ ရိုးသားဖြူစင်တဲ့ ကျေးလက်နေ မိန်းကလေးငယ်တစ်ယောက်၊ အစ်ကိုဖြစ်သူရဲ့အချစ်ရေးအတွက် တတ်နိုင်သလောက်ကူညီတတ်တဲ့ သွက်သွက်လက်လက် ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ ပရိသတ်ချစ်ခင်မှုကို အရယူသွားနိုင်သူပါ။ လက်ရှိအချိန်မှာတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးခွင့်ရရှိနေသူလည်း ဖြစ်ပါတယ်။ ဒီလိုပရိသတ်အားပေးချစ်ခင်မှုရရှိလာတဲ့ လူငယ်သရုပ်ဆောင် ဆုအိမ့်စံရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရတွေ၊ အနုပညာလောကထဲ စတင်ဝင်ရောက်စဉ် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုတစ်ပတ်မှာ ပြန်လည်ဝေငှပေးချင်ပါတယ်။

သရုပ်ဆောင်မော်ဒယ် ဆုအိမ့်စံကို ဖခင်ဦးထွန်းအောင်ကြည်နဲ့ မိခင်ဒေါ်ရင်ရင်သောင်းတို့က ၁၉၉၄ ခုနှစ် မတ် ၂၂ ရက်မှာ မွေးဖွားခဲ့တာပါ။ ဆုအိမ့်စံရဲ့ဇာတိမြေက ကချင်ပြည်နယ် ဖားကန့်ဖြစ်ပြီး မွေးချင်းငါးယောက်အနက် သမီးလတ်ဖြစ်တယ်လို့ဆိုပါတယ်။ ငယ်ငယ်က အဆော့မက်တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သွက်သွက်လက်လက် ပျော်ပျော်ရွှင်နေထိုင်တတ်သူဖြစ်တယ်လို့ ဆိုပါတယ်။

“ငယ်ငယ်ကတော့ ကစားမက်တာပါပဲ။ သွက်လည်းသွက်တယ်လို့ပြောတယ်။ ဒီလိုပဲမောင်နှမတွေဆော့ကြတယ်။ အနုပညာနဲ့ပတ်သက်လို့ကတော့ ငယ်ငယ်ကတည်းကကို ဝါသနာကြီးတယ်။ သီချင်းနားထောင်ရတာလည်းကြိုက်သလို တီဗွီအစီအစဉ်တွေကြည့်ရတာလည်း အရမ်းဝါသနာပါတယ်။ ထူးခြားတာဆိုရင်တော့ ဆုဆုက စကားလည်းများတယ်” လို့ ဆုအိမ့်စံက ပြောပြခဲ့ပါတယ်။

ဆုအိမ့်စံရဲ့ ပညာရေးအနေနဲ့တော့ သူငယ်တန်းကနေ ငါးတန်းနှစ်အထိ ဖားကန့်မှာ ပညာသင်ကြားပြီးနောက် ခြောက်တန်းနှစ်မှာ မိသားစုက ရန်ကုန်ကိုပြောင်းရွှေ့လာတာကြောင့် အ.ထ.က (၁)ဒဂုံမှာ ဆက်လက်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာ သာမန်လောက်သာရှိခဲ့ပြီး ငယ်စဉ်ဘဝမှာလည်း အနုပညာကိုသာ အရူးအမူးဝါသနာပါခဲ့တယ်လို့ ဆိုပါတယ်။ နှစ်စဉ်အတန်းတိုင်းမှာပြုလုပ်တဲ့ ကျောင်းကပွဲတွေမှာ မပါမဖြစ်ပါဝင်ခဲ့ပြီး မိသားစုကလည်း အားပေးခဲ့ပါတယ်လို့ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းကိုတော့ သာမန်သာအောင်မြင်ခဲ့ပြီးနောက် ဒဂုံတက္ကသိုလ် (အဝေးသင်) အနေနဲ့ တက်ရောက်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။

အနုပညာကိုရူးသွပ်လွန်းသူ ဆုအိမ့်စံက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ အနုပညာလောကထဲကို ခြေစုံပစ်ပြီး ဝင်ရောက်ခဲ့ပါတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ခဲ့ပေမယ့် မကြာခင်မှာပဲ အောင်သီရိထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ဗီဒီယိုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်ခွင့် ရရှိလာပါတယ်။ ဒီနောက်မှာတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီလူမင်း၊ အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီခိုင်သင်းကြည်အပါအဝင် ဝါရင့်သရုပ်ဆောင်များစွာနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဒီဇာတ်ကား ရုံတင်ပြသစဉ်မှာတော့ ကျေးလက်နေ မိန်းမပျိုတစ်ဦးအသွင်ပါဝင်ခဲ့တဲ့ ဆုအိမ့်စံရဲ့ သွက်လက်ချက်ချာတဲ့ သရုပ်ဆောင်မှုဟန်ပန်က ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားကတစ်ဆင့်ပဲ ဆုအိမ့်စံရဲ့ နောက်ထပ်အနုပညာ ခြေလှမ်းပေါင်းများစွာကို ဆက်လက်လျှောက်လှမ်းခွင့် ရရှိစေခဲ့ပါတယ်။

သရုပ်ဆောင်ဆုအိမ့်စံက ၂၀၁၆ ခုနှစ်ကစတင်ပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဒီလိုပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ကားတွေမှာတော့ မတူကွဲပြားတဲ့ဇာတ်လမ်းပုံစံတွေ၊ ဇာတ်ကောင်စရိုက်တွေနဲ့ ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာလောကထဲမှာ ဝါသနာကိုအရင်းခံလို့ ရပ်တည်ဝင်ရောက်ခဲ့ရတာဖြစ်လို့ အခက်အခဲတွေလည်း များစွာကြုံတွေ့ခဲ့ရပေမယ့် အနုပညာကိုချစ်စိတ်နဲ့သာ ကြိုးစားဖြတ်သန်းခဲ့တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

“ဆုဆုတို့လို ကြိုးစားနေဆဲ အသစ်တစ်ယောက်အတွက်က အခက်အခဲတွေ အများကြီးရှိပါတယ်။ ဝါရင့်တွေနဲ့အတူ သရုပ်ဆောင်တဲ့အခါလည်း ကိုယ့်ကြောင့်တခြားသူတွေ အခက်အခဲမဖြစ်အောင် အများကြီးပိုကြိုးစားရတယ်။ ကိုယ့်စီနီယာတွေဆီက ဘာတွေအတုယူလို့ရလဲဆိုတာလည်း လေ့လာရတယ်။ သူများထက်ပိုပြီး အားလပ်ချိန်မရှိအောင် ကြိုးစားရတယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲပင်ပန်းခက်ခဲပါစေ ကိုယ်ပါဝင်ထားတဲ့ ဇာတ်ကားလေးထွက်လာလို့ ပရိသတ်တွေက အသိအမှတ်ပြုစကားလေးတွေ ပြန်ကြားရတဲ့အခါ မောပန်းခဲ့သမျှ အပန်းပြေသွားတယ်။ ခက်ခဲခဲ့သမျှလည်း မေ့သွားတယ်။ နောက်ထပ်ကြိုးစားဖို့အတွက်လည်း ခွန်အားသစ်တွေ အများကြီးရစေပါတယ်” လို့ ဆုအိမ့်စံက ပွင့်ပွင့်လင်းလင်းဆိုပါတယ်။

အမြဲတက်ကြွရွှင်လန်းနေတတ်တဲ့ သရုပ်ဆောင်ဆုအိမ့်စံက အနုပညာရည်မှန်းချက်အနေနဲ့တော့ ပရိသတ်ချစ်ခင်အားပေးတဲ့၊ အမူအရာပီပြင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အထိ ကြိုးစားသွားမှာဖြစ်ပြီး ရည်မှန်းချက်ကိုရောက်ဖို့ အခက်အခဲတွေ ဘယ်လောက်ရှိရှိ အားလျှော့သွားမှာမဟုတ်ဘူးလို့လည်း တက်ကြွစွာပြောပြခဲ့ပါတယ်။

ငယ်ရွယ်သူလူငယ်တွေရဲ့ စိတ်ကူးအိပ်မက်တွေက တလက်လက်တောက်ပနေတတ်ပြီး မျှော်လင့်ချက်တွေကိုထမ်းပိုးရင်း ခြေလှမ်းတိုင်းကို အားမာန်အပြည့်နဲ့ လျှောက်လှမ်းနေတတ်ပါတယ်။ ဒီလိုတက်ကြွတဲ့ စိတ်ကူးအိပ်မက်တွေနဲ့ လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ဆုအိမ့်စံရဲ့ ပျော်စရာကောင်းတဲ့ ငယ်ဘဝဖြတ်သန်းမှုအမှတ်တရတွေ၊ ဝါသနာပါရာအလုပ်ကို ကြိုးစားအားထုတ်ခဲ့ပုံတွေ၊ လက်ရှိကိုယ်လုပ်ကိုင်နေတဲ့ ပရော်ဖက်ရှင်နယ်အလုပ်အပေါ်ထားတဲ့ သဘောထားခံယူချက်တွေကို ဖတ်ရှုရင်း ရိုးသားပွင့်လင်းတဲ့ စိတ်ထားတွေကိုပါ တွေ့မြင်ခံစားကြရမှာပါ။ ဒါကြောင့် ရည်မှန်းချက်ခိုင်ခိုင်မာမာရှိတဲ့ လူငယ်တိုင်းလည်း မိမိတို့ရဲ့စိတ်ကူးအိပ်မက်တွေကို ထမ်းပိုးရင်း မဆုတ်မနစ်တဲ့ဇွဲနဲ့ ရည်ရွယ်ရာပန်းတိုင်ဆီ အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းရင်း အခုတစ်ပတ်ရဲ့ ငယ်ဘဝဖြတ်သန်းမှု အစီအစဉ်လေးကို ခေတ္တနားပါရစေ။

Most Read

Most Recent