မက်ဆီအား ကမ္ဘာ့အမြင့်ဆုံး လစာပေးချေမည်ဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူ အတည်ပြု

၂၀၁၄ ခုနှစ်မေလအတွင်း မက်ဆီနှင့် ဘာတိုမူသက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့စဉ် (Photo: FC Barcelona)

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက အသင်း၏ အဓိကတိုက်စစ်မှူး မက်ဆီအား ကမ္ဘာ့အမြင့်ဆုံးလစာ ပေးချေသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
    
မက်ဆီ (၃၀ နှစ်) နှင့် ဘာစီလိုနာအသင်းတို့၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး ၂၀၁၈ ခုနှစ်ဇွန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းသည် ၎င်းနှင့်သက်တမ်းတိုးရန် ဆွေးနွေးရာ ၂၀၂၁ ခုနှစ်ဇွန်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဇူလိုင် ၅ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ ဘာစီလိုနာအသင်းသည် စာချုပ်သက်တမ်းကာလကိုသာ ထုတ်ပြန်ခဲ့ပြီး လစာငွေအပါအ၀င် စာချုပ်ပါ အသေးစိတ်အချက်အလက်များကို ကြေညာခြင်းမရှိသော်လည်း ဗြိတိန်မီဒီယာများကမူ မက်ဆီအနေဖြင့် ကမ္ဘာ့စံချိန်တင်အဖြစ် တစ်ပတ်လစာ ပေါင်ငါးသိန်းအထိ တိုးမြှင့်ရရှိမည်ဖြစ်ကြောင်း၊ တစ်ရာသီလျှင် ပေါင် ၂၆ ဒသမ ၄ သန်းရရှိမည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။ ထို့ပြင်စပိန်အခြေစိုက် Marca အားကစားသတင်းစာကလည်း ၎င်း၏စာချုပ်တွင် အခြားကလပ်အသင်းများက ခေါ်ယူလိုလျှင် ယူရိုသန်း ၃၀၀ ပေးချေရမည့်အချက် ထည့်သွင်းချုပ်ဆိုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းကဲ့သို့ ခန့်မှန်းသတင်းများ အမျိုးမျိုးထွက်ပေါ်နေစဉ် ဘာတိုမူက ဘာစီလိုနာအခြေစိုက် Mundo Deportivo အားကစားသတင်းစာနှင့် တွေ့ဆုံရာတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
    
“သူက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ သူ့ရဲ့လစာကလည်း ကမ္ဘာ့အကောင်းဆုံး၊ ဘောလုံးသမိုင်းမှာ အမြင့်ဆုံးပဲဖြစ်မှာပါ။ သူကအားကစားသမားတွေ အားလုံးထဲမှာလည်း လစာအကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ လီယိုမက်ဆီလိုမျိုး ဘယ်ကစားသမားမှ သူ့ရဲ့အသင်းကို အောင်မြင်မှုအများကြီး မယူပေးနိုင်ပါဘူး” ဟု ၎င်းကပြောကြားသည်။
    
အမေရိကန်အခြေစိုက် Forbes စီးပွားရေးမဂ္ဂဇင်းက ဇွန်လအတွင်း ထုတ်ပြန်သည့်စာရင်းတွင်မူ ရီးယဲလ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဒေါ်လာ ၉၃ သန်းဖြင့်တစ်နှစ်အတွင်း ၀င်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေပြီး မက်ဆီက ဒေါ်လာသန်း ၈၀ ဖြင့်တတိယနေရာရပ်တည် လျက်ရှိသည်။ ထို့ပြင် အခြားသတင်းရင်းမြစ်များက တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်း တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် တစ်ပတ်လျှင် ပေါင် ၆၁၅,၀၀၀ ရရှိနေရာ မက်ဆီအနေဖြင့် ဒုတိယနေရာသာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။