Blue Ivy ကိုယ်ပိုင်အမှတ်တံဆိပ်အတွက် ဒေါ်လာ ၁၀ သန်းတန် သဘောတူညီချက်ကို ဘီယွန်းဆေး ငြင်းပယ်

Blue Ivy ကိုယ်ပိုင်အမှတ်တံဆိပ်အတွက် ဒေါ်လာ ၁၀ သန်းတန် သဘောတူညီချက်ကို ဘီယွန်းဆေး ငြင်းပယ်
Published 21 February 2018

ဘီယွန်းဆေးက သမီးဖြစ်သူနာမည်ကို ကိုယ်ပိုင်အမှတ်တံဆိပ် မူပိုင်ခွင့်တင်ရန် ၎င်း၏ကြိုးပမ်းမှုအား မင်္ဂလာဆောင် အခမ်းအနား ပြင်ဆင်ပေးသည့်လုပ်ငန်းတစ်ခုက ကန့်ကွက်ပိတ်ဆို့နေသည့်အကြောင်း ပြောကြားခဲ့သည်။ ထိုလုပ်ငန်းပိုင်ရှင်က ကိုယ်ပိုင်အမှတ်တံဆိပ် အခွင့်အရေးကို ဒေါ်လာ ၁၀ သန်းဖြင့် ဘီယွန်ဆေးထံ ရောင်းချရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။

ဘီယွန်းဆေးသည် ၎င်းနှင့် ဂျေဇီးတို့၏ အကြီးဆုံးကလေး၏ အမည်ဖြစ်သော Blue Ivy Carter ကို ကိုယ်ပိုင်အမှတ်တံဆိပ် မူပိုင်ခွင့်ရရှိရေးနှင့်ပတ်သက်၍ တရားရုံးတွင် လျှောက်ထားခဲ့သည်။

သို့သော် Blue Ivy ဟုခေါ်သည့် မင်္ဂလာဆောင် အခမ်းအနား ပြင်ဆင်ရေး လုပ်ငန်း၏ ပိုင်ရှင်အမျိုးသမီး ဗီရိုနီကာမိုရေးစ်က ထိုလျှောက်ထားမှုကို ကန့်ကွက်နေခြင်းဖြစ်သည်။ ထို့ပြင် မိုရေးစ်သည် ၎င်း၏ကုမ္ပဏီကို ဒေါ်လာသန်းပေါင်းများစွာဖြင့် ဘီယွန်းဆေးထံ ရောင်းချရန် ကြိုးပမ်းနေကြောင်း ဘီယွန်းဆေး၏ရှေ့နေများက ပြောကြားခဲ့သည်။ ဘီယွန်းဆေးတွင် အသက်ငါးနှစ်အရွယ်သမီးငယ် Blue Ivy နှင့်အတူ ခုနှစ်လသားအရွယ် အမြွှာနှစ်ဦးဖြစ်သည့် ရူမီနှင့် ဆာတို့လည်းရှိသည်။

ထိုသို့ကန့်ကွက်မှုဖြစ်လာပြီးနောက် နှစ်ဖက်အကြားတွင် ဆွေးနွေးပွဲတစ်ခု ကျင်းပဖြစ်ခဲ့ကြသည်။ သို့သော် ထိုဆွေးနွေးပွဲသည် စီးပွားရေး အဆိုပြုချက်တစ်ခု ဖြစ်လာခဲ့ပြီး မိုရေးစ်၏ရှေ့နေများက ယခုကဲ့သို့ အငြင်းပွားနေကြမည့်အစား စီးပွားရေး အဆက်အသွယ်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာမည့် အခြေအနေကို ဖန်တီးရန် စကားများကို ရှည်ရှည်ဝေးဝေး ပြောခဲ့ကြသည်ဟု သိရသည်။

ဘီယွန်းဆေးအနေနှင့် Blue Ivy အမှတ်တံဆိပ်နှင့်အတူ ၎င်း၏လုပ်ငန်းကိုပါ ဝယ်သင့်သည်ဆိုသည့်အကြောင်း၊ ထိုအမှတ်တံဆိပ်နှင့် လုပ်ငန်းတို့ဖြင့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်သည့်အကြောင်း မိုရေးစ်က ပါဝါပွိုင့်ဖြင့် ရှင်းလင်းမှုများ လုပ်သွားခဲ့သည်။ ထိုနှစ်ခုအားဝယ်ယူရေးမှာ ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိမည် ဖြစ်သည်။

မိုရေးစ်၏ ကန့်ကွက်မှုသည် ငွေတောင်းခံသည့် အစီအစဉ်သက်သက်တစ်ခုသာဖြစ်ကြောင်း ပါဝါပွိုင့်ဖြင့် ရှင်လင်းမှုများကို သက်သေအဖြစ် လွှဲပြောင်းရန် ဘီယွန်းဆေး၏ရှေ့နေများက စီစဉ်နေကြသည်။

ဘီယွန်းဆေး၏ အမြွှာကလေးနှစ်ဦးမွေးသည့် ပြီးခဲ့သည့်ဇွန်လကမူ ဇနီးမောင်နှံနှစ်ဦးသည် ၎င်းတို့ကလေးများ၏အမည်ကို မွေးမွေးပြီးချင်းမှာပင် ကိုယ်ပိုင်အမှတ်တံဆိပ် မူပိုင်ခွင့်အဖြစ် လျှောက်ထားခဲ့ကြသည်။

Most Read

Most Recent