တေးသံရှင်ကျားပေါက်နှင့် တွေ့ဆုံခြင်း

တေးသံရှင်ကျားပေါက်နှင့် တွေ့ဆုံခြင်း
Published 21 February 2018

ဖခင်ဖြစ်သူ၏ ဂီတအမွေကို လက်ဆင့်ကမ်းသယ်ဆောင်လာကာ နိုင်ငံတကာ ဂီတလမ်းကြောင်းသို့ပါ ရောက်ရှိကျယ်ပြန့်နိုင်သူတစ်ဦးဟု ဆိုရမည့် တေးသံရှင်ကျားပေါက်သည် လတ်တလောထုတ်လွှင့် ပြသခဲ့သည့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Coach တစ်ဦးအဖြစ် ပါဝင်ခဲ့ရာတွင်လည်း ပရိသတ်အားပေးမှု အများအပြား ရရှိစေသူတစ်ဦးဖြစ်သည်။ တေးသံရှင်ကျားပေါက် ပါဝင်သည့် Big Bag အဖွဲ့အား ကမ္ဘာ့ထိပ်တန်းဂီတအဖွဲ့ဖြစ်သည့် Queen ၏မန်နေဂျာဖြစ်သူ Jim Beach က လာရောက်တွေ့ဆုံပြီးနောက် ကမ္ဘာတစ်ဝန်းမှ artist များ အနုပညာ ပူးပေါင်းဖန်တီးမည့် အစီအစဉ်တွင် ပါဝင်ရန်ကမ်းလှမ်းထားပြန်သည်။ ကိုယ်တိုင်ရေးဆွဲသည့် ကာတွန်းစာအုပ်မှာလည်း အရောင်းရဆုံး စာရင်းဝင် စာအုပ်တစ်အုပ် ဖြစ်စေခဲ့သည့် တေးသံရှင်ကျားပေါက်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် သီချင်းဆိုပြိုင်ပွဲတွင် Coach အဖြစ် ပါဝင်ဖြစ်သည့် ရည်ရွယ်ချက်၊ နိုင်ငံတကာခြေလှမ်းများအတွက် ပြင်ဆင်နေမှုများ၊ Jim Beach နှင့်တွေ့ဆုံဖြစ်သည့် အကြောင်းအပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

‘ဒီမှာဆုမရရင်တောင် တကယ်တမ်း ဒီလောကထဲမှာ တစ်နည်းမဟုတ်တစ်နည်း ဆက်သွားလို့ရတဲ့သူဖြစ်အောင်လုပ်မှာ။ ကျွန်တော့်ရဲ့ plan က long-term ပါ}

■ မေး - The Voice Myanmar မှာ Coach အဖြစ် ဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲဆိုတာ အရင်သိချင်ပါတယ်။

ဖြေ - Judge လုပ်ရုံတင်မဟုတ်ဘူး။ စင်ပေါ်မှာဆိုတာ ကောင်းတယ်၊ ဆိုတာ မကောင်းဘူး ဘယ်လိုဆိုသင့်တယ် ပြောတာမျိုးထက် recording ထဲက technique တွေ၊ လိုတာတွေလိုက် ပြီးတော့ပါ ကိုယ်ကပြောပြပေးခွင့်၊ အကြံဉာဏ် ပေးခွင့်ရတယ်။ အဲဒီအတွက် လုပ်ဖြစ်တာလည်း ပါပါတယ်။ ဒီပြိုင်ပွဲကို နိုင်ငံတကာမှာ လုပ်နေကတည်းကလည်း စိတ်ဝင်စားတယ်။ ဒါကြောင့် လက်ခံဖြစ်သွားတာပါ။

■ မေး - Blind Audition မှာ ကျားပေါက်အနေနဲ့ ဘယ်အရာကို အဓိကထားပြီး ရွေးချယ်ဖြစ်လဲ။

ဖြေ - Blind Audition မှာဆိုနေတဲ့သူကို မမြင်ရဘူး။ သူတို့ history ကိုလည်း မသိဘူး။ ယောကျ်ားလား မိန်းမလားဆိုတာတောင် သီချင်းဆိုလိုက်မှ သိတာလေ။ အချိန် နှစ်မိနစ်လောက်အတွင်းမှာ ကိုယ်ကလှည့်မလား၊ မလှည့်မလား ဆုံးဖြတ်ရတာ။ လှည့်ပြီးပြီဆိုရင်လည်း တခြားဒိုင်တွေကလည်း လှည့်ထားတယ်ဆိုရင် ကိုယ့် team ကိုရွေးဖို့ပြောရမှာလေ။ နိုင်ငံခြားက record label တွေကတော့ အဲဒီလိုလုပ်တာပဲ။ ကလပ်တွေ သွားတယ်။ သီချင်းဆိုကောင်းတဲ့သူတွေ့ရင် ကိုယ်နဲ့အလုပ်လုပ်မလား၊ စာချုပ်ချုပ်မလားစသဖြင့်ပေါ့။ အဲဒါမျိုး process အသေးလေး ဒီမှာလုပ်ရတာပေါ့။ စိတ်ဝင်စားစရာ ကောင်းပါတယ်။

■ မေး - ပြိုင်ပွဲဝင်တွေရဲ့ ဘယ်အရာကို ကျားပေါက်က လှည့်ကြည့်ဖို့အတွက် ဖမ်းစားနိုင်တယ်လို့ ပြောလို့ရမလဲ။

ဖြေ - attitude ပေါ့။ ဥပမာ ပြိုင်ပွဲဝင်နေတဲ့ သီချင်းတွေထဲမှ အဲဒါမျိုးမဟုတ်ဘဲ ပြိုင်လေ့မရှိတဲ့ သီချင်းမျိုးတွေရွေးပြီးဆိုတာမျိုး၊ ဒိုင်တွေကို ဖမ်းစားချင်လို့ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်မြောက်မြောက် ဆိုနေတာမျိုးတွေ ရှိတယ်။ အဲဒါမျိုးဆို လှည့်ကြည့်ဖြစ်တယ်။

■ မေး - ပြိုင်ပွဲမှာ တကယ်လုပ်ဖြစ်တဲ့အခါ မျှော်လင့်ထားတာနဲ့ လက်တွေ့လုပ်ဆောင်တာနဲ့ ကွာခြားတာမျိုးကြုံရလား။

ဖြေ - စိတ်လှုပ်ရှားစရာတွေတော့ အများကြီးကြုံရတယ်။ မထင်ထားတဲ့အသံတွေ ကြားလိုက်ရတာမျိုး၊ လှည့်ကြည့်ပြီး သူတို့ကိုမေးကြည့်တော့မှ အံ့အားသင့်စရာ ကြုံရတာမျိုးတွေ၊ အရမ်းကို စိတ်ပျက်စရာကောင်းအောင် ဖြစ်ရတဲ့ပြိုင်ပွဲဝင်မျိုးတော့ မရှိပါဘူး။ ကိုယ်မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်နိုင်ဘူးဆိုတာမျိုး ငြင်းရတာလည်း ရှိတယ်။

■ မေး - ပြိုင်ပွဲက ပရိသတ်အတွက် ရသပေးရတာရယ်၊ talent ရှိတဲ့သူကို ရွေးချယ်ပံ့ပိုးပေးရမယ့်အပိုင်းရယ်ပေါ့။ အဲဒါကို ဘယ်လို handle လုပ်မလဲ။

ဖြေ - coach လေးယောက်ရဲ့ ဘယ် talent က နောက်ဆုံးပန်းဝင်သွားမလဲ ဆိုတာတော့ ရှိတယ်။ ကျွန်တော့်ရဲ့ success က အဲဒါမဟုတ်ဘူး။ ကိုယ့် team ထဲက သူက နောက်ဆုံး ဆုမရလည်း ရတယ်။ ဒီမှာ ဆုမရရင်တောင် တကယ်တမ်း ဒီလောကထဲမှာ တစ်နည်းမဟုတ်တစ်နည်း ဆက်သွားလို့ရတဲ့သူ ဖြစ်အောင်လုပ်မှာ။ ကျွန်တော့်ရဲ့ team က long-term ပါ။

■ မေး - Coach အချင်းချင်းလည်း ယှဉ်ပြိုင်မှုရှိတော့ အဲဒီအပိုင်းကိုရော ဘယ်လိုမြင်လဲ။

ဖြေ - အဲဒါကတော့ purely entertainment business ပဲ။ ကိုယ့် team ကိုကိုယ်ကြိုက်တဲ့ သူလာစေချင်ရင် ပြောရတာကိုး။ အရမ်းကြီး တိုက်ခိုက်ပြီးတော့လည်း မပြောပါဘူး။ ဒါပေမဲ့ အကြိုက်ချင်းလည်း အရမ်းမတူဘူး။ တူပြီဆိုလည်း ရွေးတဲ့သူက ပြတ်ပြတ်သားသားပဲ ရွေးသွားတာလေ။ စတာနောက်တာတွေကတော့ ထိန်းလို့တောင်မနိုင်ဘူး။ အဲဒါတော့ ဒီအတိုင်း နောက်ကြတာပါ။

■ မေး - ဒီနှစ်ထဲမှာ ဘယ်အခွေတွေ နားထောင်ခွင့်ရမလဲ။

ဖြေ - Weapons of Choice က ကျွန်တော်ကတော့ ထွက်ချင်တယ်။ ဒီနှစ်ထဲထွက်ဖြစ်မယ်လည်း ထင်ပါတယ်။ တခြားဟာတွေလည်း ဆက်လုပ်နေမှာပဲ။ Anger Management နဲ့ နည်းနည်းတော့ခြားမယ်။ အရှေ့မှာက အခွေထွက်တာ စိပ်တယ်ဆိုတော့လေ။ ရှိုးများများဆိုမယ်။ One Man Show တစ်ခုလာမယ်။ Starry Night Tour ဆိုပြီး လုပ်ဖို့ပြင်ဆင်နေတယ်။

■ မေး - ကာတွန်းစာအုပ်က ဘယ်တော့လောက် အသစ်ထပ်ထွက်ဖြစ်မလဲ။

ဖြေ - ထွက်မယ်ဆိုရင် ရယ်ဒီရှိပါတယ်။ ဒါပေမဲ့ ဆန်းမွန်အောင်က မထုတ်နဲ့ဦးဆိုလို့လေ။ အချိန်ခဏစောင့်ဦးဆိုလို့ပါ။ သူ့ဆီမှာ နှစ်အုပ်သုံးအုပ်စာလောက် ပေးထားတာပါ။ သူအဆင်ပြေတဲ့အချိန် ထွက်မှာပါ။

■ မေး - ကာတွန်းစာအုပ်ထွက်လာတဲ့ အချိန်မှာ အရောင်းရဆုံး စာရင်းဝင်တဲ့ ခံစားချက်ကိုလည်း ပြောပြပါဦး။

ဖြေ - ကျွန်တော့်ကိုနောက်နေတယ်လို့ ထင်တာဗျ။ မယုံနိုင်ဘူး ဖြစ်နေတာလေ။ ပျော်တာပေါ့။

■ မေး - Queen ရဲ့ မန်နေဂျာနဲ့ တွေ့ဆုံဖြစ်တဲ့အကြောင်းလည်း ရေးထားတာ တွေ့လိုက်တယ်။

ဖြေ - Queen အဖွဲ့မှာ နှစ်ပေါင်းများစွာ မန်နေဂျာအဖြစ် ဆောင်ရွက်နေတဲ့ Jim Beach ရဲ့ project တစ်ခုမှာ အာရှနိုင်ငံတွေထဲက ဂျပန်နဲ့မြန်မာက လောလောဆယ် ပါဝင်ရမယ်လို့ သိရပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံက ကျွန်တော်တို့ Big Bag အဖွဲ့ကိုပါဝင်ဖို့ ကမ်းလှမ်းတာပေါ့။ ကမ္ဘာ့နိုင်ငံအသီးသီးက ရွေးချယ်ခံရတဲ့ artist တွေအနေနဲ့ သီချင်းတစ်ပုဒ်စီ ဖန်တီးပြီး worldwide ဖြန့်မယ့်အစီအစဉ်ပါ။ ကျွန်တော့်အတွက်တော့ အဆိုတော်ဖြစ်ရတာရော၊ Big Bag အဖွဲ့ဝင်ဖြစ်ရတာရော အခုလို ကမ်းလှမ်းခံရတာ ဂုဏ်အယူရဆုံးပါပဲ။ Jim Beach ကို ကျွန်တော်တို့ Big Bag ရဲ့ထွက်ထားပြီးသား အခွေတွေကိုလည်း ပေးလိုက်တယ်။ Queen အဖွဲ့ဝင်နဲ့တွေ့တဲ့အခါ သူပေးပေးမယ်ပြောပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ ဆက်ဆွေးနွေးပြီး လုပ်ရမှာပေါ့။ ကျွန်တော်တကယ့်ကို ပျော်ရပါတယ်။

Most Read

Most Recent