(၃၂) ကြိမ်မြောက် အမေရိကန်ရုပ်ရှင် အတတ်ပညာရှင်များအဖွဲ့၏ ဆုပေးပွဲတွင် အင်ဂျလီနာဂျိုလီ ဂုဏ်ပြုဆု ရရှိ

(၃၂) ကြိမ်မြောက် အမေရိကန်ရုပ်ရှင် အတတ်ပညာရှင်များအဖွဲ့၏ ဆုပေးပွဲတွင် အင်ဂျလီနာဂျိုလီ ဂုဏ်ပြုဆု ရရှိ
Published 19 February 2018

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ  Hollywood & Highland စင်တာတွင် ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အမေရိကန်ရုပ်ရှင် အတတ်ပညာရှင်များအဖွဲ့ ASC ၏ ဆုပေးပွဲတွင် သရုပ်ဆောင်၊ ဒါရိုက်တာ အင်ဂျလီနာ ဂျိုလီသည် ရုပ်ရှင်လောကကို အထောက်အကူပြုမှုများအတွက် Board of Governors ဆုဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

အင်ဂျလီနာဂျိုလီသည် ပြင်းပြသောရည်မှန်းချက်နှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ရှိသည့် စစ်မှန်သောအနုပညာရှင်တစ်ဦးဟု ASC ဥက္ကဋ္ဌ ကီးစ်ဗန်အူစထရမ်က ပြောကြားခဲ့သည်။

''ဂျိုလီက သူ့အနုပညာနဲ့ ဖျော်ဖြေခဲ့တဲ့အပြင် အရေးပါတဲ့ လူမှုရေးအကြောင်း အရာတွေကို ကျွန်တော်တို့ပိုပြီး အာရုံစိုက်လာနိုင်အောင် လုပ်ဆောင်ပေးခဲ့တယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

အင်ဂျလီနာဂျိုလီ၏ ခင်ပွန်းဟောင်း ဘရက်ပစ်က ဇနီးဟောင်း ဂျနီဖာအက်နစ္စတန် နှင့် ပြန်တွဲနေသည်ဆိုသော ကောလာဟလများ ထွက်ရှိခဲ့ပြီးနောက် ဂျိုလီက ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ထွက်ရှိမှုအဖြစ် ယင်းဆုပေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ဆုပေးပွဲတွင Blade Runner 2049 ဇာတ်ကား၏ ရုပ်ရှင်အတတ်ပညာရှင် ရော်ဂျာဒီကင်က ထိပ်တန်းဆုကိုရရှိခဲ့သည်။ ဝါရင့်ရုပ်ရှင်အတတ်ပညာရှင် ရော်ဂျာဒီကင်သည် ယင်းဇာတ်ကားဖြင့်  ယခုနှစ် အော်စကာဆန်ခါတင်စာရင်းတွင် လျာထားခံခဲ့ရသည်။

ဒီကင်သည်   The Shawshank Redemption၊ The Man Who Wasn’t There၊ Skyfall စသည့် ဇာတ်ကားများဖြင့်လည်း ASC ဆု ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ASC ၏ တသက်တာ အောင်မြင်မှုဆုဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

ယခုနှစ်ဆုပေးပွဲတွင် Titanic ဇာတ်ကား၏ ရုပ်ရှင်အတတ်ပညာရှင် ရပ်ဆဲလ်ကာပန်နာက တစ်သက်တာအောင်မြင်မှုဆုဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

ASC ဆုပေးပွဲသည် အော်စကာဆုပေးပွဲတွင် ရုပ်ရှင်အတတ်ပညာရှင်ဆုအတွက် ခန့်မှန်းပေးနိုင်သည့် ဆုပေးပွဲတစ်ခုဟု သုံးသပ်ခံခဲ့ရသည်။

Most Read

Most Recent