Black Panther ဇာတ်ကား ပွဲဦးထွက်ဖြန့်ချိသည့်ရက်တွင် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၂၅ ဒသမ ၂ သန်းရရှိ

Black Panther ဇာတ်ကား ပွဲဦးထွက်ဖြန့်ချိသည့်ရက်တွင် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၂၅ ဒသမ ၂ သန်းရရှိ
Published 18 February 2018

မာဗယ်ကာတွန်းဇာတ်ကောင်များကို အခြေပြုရိုက်ကူးထားသည့် စူပါဟီးရိုးဇာတ်ကား Black Panther သည် မြောက်အမေရိကတွင် ပွဲဦးထွက်ဖြန့်ချိသည့်ရက်၌ လက်မှတ် ရောင်းချမှုဝင်ငွေ ဒေါ်လာ ၂၅ ဒသမ ၂ သန်း ရရှိခဲ့သည်ဟု ဝေါဒစ္စနေကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ယင်းဇာတ်ကားသည် မာဗယ်စတူဒီယိုအတွက် Avengers: Age of Ultron ဇာတ်ကားပြီးလျှင် ပွဲဦးထွက်ဝင်ငွေ ဒုတိယအများဆုံး ရရှိသည့်ဇာတ်ကားဖြစ်သည်။ Avengers: Age of Ultron ဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့်ရက်တွင် ဝင်ငွေ ဒေါ် လာ ၂၇ ဒသမ ၆ သန်း ရရှိခဲ့သည်။

ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ခန့် အသုံးပြုထားသည့် ယင်းဇာတ်ကားတွင် လူမည်းသရုပ်ဆောင် အများအပြား ပါဝင်သရုပ်ဆောင်ထားသည်။

အာဖရိကရှိ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်သော Wakanda နိုင်ငံ၏ဘုရင်အဖြစ် T'Challa က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နောက်ပိုင်းအခြေအနေကို ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် Chadwick Boseman က T'Challa/Black Panther အဖြစ် သရုပ်ဆောင်ထားပြီး လူပီတာညောင်အိုက T'Challa ၏ ရည်းစားဟောင်း၊ သူလျှိုဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ Ryan Coogler ရိုက်ကူးသည့် ယင်းဇာတ်ကားသည် မဖြန့်ချိမီ သီတင်းပတ်များစွာကတည်းက ပရိသတ် စိတ်ဝင်စားမှုရရှိခဲ့ပြီး ကြိုတင်လက်မှတ် ရောင်းချရမှုသည် အခြားဇာတ်ကားများ ထက်ပိုများခဲ့သည်။ ပြီးခဲ့သည့်နှစ်,နှစ်တွင် Deadpool ဇာတ်ကားသည် Presidents Day အားလပ်ရက်လေးရက်တွင် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁၅၂ ဒသမ ၂ သန်းကျော် ရရှိခဲ့ပြီး ဖေဖော်ဝါရီလ၏ ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်ခဲ့သည်။

Black Panther ဇာတ်ကားကို ယခုသီတင်းပတ်တွင် ပြည်ပရှိ အဓိကဈေးကွက်များတွင် ပြသခဲ့ပြီး ရုရှားတွင် ဖေဖော်ဝါရီ ၂၂၊ ဂျပန်တွင် မတ် ၁ ရက်နှင့် တရုတ်နိုင်ငံတွင် မတ် ၉ ရက်တို့တွင် ပြသရန် စီစဉ်ထားသည်။ ယင်းဇာတ်ကားသည် ဗြိတိန်တွင် လက်မှတ် ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁၀ ဒသမ ၁ သန်းနှင့် တောင်ကိုရီးယားတွင် ဒေါ်လာ ၉ ဒသမ ၅ သန်း ရရှိခဲ့သည်။ Marvel Cinematic Universe (MCU) ၏ ၁၈ ခုမြောက် ဇာတ်ကားဖြစ်သော Black Panther သည် ရုပ်ရှင်ဝေဖန်သူများ၏ ချီးမွမ်းမှုရရှိခဲ့ပြီး Rotten Tomatoes က Rating ၉၇ ရာခိုင် နှုန်းပေးထားသည့် ဇာတ်ကားလည်းဖြစ်သည်။

ယင်းဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်တွင် လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ ၁၇၂ သန်းနှင့် ၁၉၈ သန်းအကြား ရရှိနိုင်သည်ဟုလည်း လက်မှတ် ရောင်းချမှုဝင်ငွေကို လေ့လာသုံးသပ်သည့် ကုမ္ပဏီများက ခန့်မှန်းခဲ့သည်။

Most Read

Most Recent