အမာခံပရိသတ် အများအပြား လာရောက်အားပေးမှုနှင့်အတူ ထူးခြားဆန်းသစ်သည့် တင်ဆက်ဖျော်ဖြေမှုများဖြင့် Idiots Band ၏ “နေရစ်ခဲ့တော့” One Band Show ပြုလုပ်

အမာခံပရိသတ် အများအပြား လာရောက်အားပေးမှုနှင့်အတူ ထူးခြားဆန်းသစ်သည့် တင်ဆက်ဖျော်ဖြေမှုများဖြင့် Idiots Band ၏ “နေရစ်ခဲ့တော့” One Band Show ပြုလုပ်
Published 18 February 2018

Idiots အဖွဲ့၏ “နေရစ်ခဲ့တော့” One Band Show ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့၊ Thuwunna Bhumi Event Park ၌ ပြုလုပ်ခဲ့ပြီး Idiots အဖွဲ့၏ အမာခံပရိသတ် အများအပြား လာရောက်ကြည့်ရှု အားပေးခဲ့သည်။

ဂီတသက်တမ်း (၁၃) နှစ်ပြည့်မြောက်ပြီဖြစ်သည့် Idiots အဖွဲ့က ၎င်းတို့ အဖွဲ့၏ ပထမဆုံး One Band Show အား Idiots Band ၏ နာမည်ကျော် တေးသီချင်းတစ်ပုဒ်ဖြစ်သည့် “နေရစ်ခဲ့တော့” တေးသီချင်းအမည်ကို ပေးခဲ့ပြီး ဖျော်ဖြေပွဲတွင် အဖွင့်ဖျော်ဖြေသည့် Band များ၏ ဖျော်ဖြေမှုများအပြီးတွင် ပရိသတ်များ၏ သံပြိုင်ဟစ်အော်အားပေးမှုများနှင့်အတူ Idiots Band ၏ ဖျော်ဖြေမှုကို စတင်ခဲ့သည်။

Idiots Band က ဖျော်ဖြေပွဲကို အပိုင်း (၃) ပိုင်းဖြင့် တင်ဆက်ဖျော်ဖြေခဲ့ပြီး ဂီတသက်တမ်း (၁၃)နှစ်အတွင်း ၎င်းတို့အဖွဲ့ထွက်ရှိခဲ့သည့် တေးသီချင်း အဟောင်း၊ အသစ်အပုဒ် (၃၀) ကျော်ခန့်ဖြင့် ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေသည့် တေးသီချင်းများတွင် တစ်စုံတစ်ရာ၊ သိပ်ကြောက်လို့၊ သေလို့ရတယ်စသည့် အချစ်သီချင်းများ၊ နောက်ကျော၊ အလှည့်စသည့် ရော့ခ်တေးသီချင်းများ၊ ဘာလိုသေးလဲ၊ နေရစ်ခဲ့တော့ စသည့် ဘဝအကြောင်း ရေးသားထားသည့် တေးသီချင်းများ စသည့် တေးသီချင်းများကို ပြောင်းလဲဆန်းသစ်ထားသည့် တီးခတ်တင်ဆက် ဖျော်ဖြေမှုများဖြင့် Idiots Band က ၎င်းတို့အဖွဲ့ကို လာရောက်အားပေးသည့် အမာခံပရိသတ်များစွာတို့၏ အားပေးမှုကို စိတ်ကျေနပ် နှစ်ခြိုက်စေခဲ့သည်။

ထို့အတူ သံစုံတီးဝိုင်းများနှင့် တွဲဖက်ဖျော်ဖြေမှု၊ ထူးခြားသည့် အကများဖြင့် တွဲဖက်တင်ဆက်မှုစသည့် ဆန်းသစ်သည့် စင်မြင့်ဖျော်ဖြေ တင်ဆက်မှုများစွာတို့ကို “နေရစ်ခဲ့တော့” ဖျော်ဖြေပွဲတွင် တွေ့မြင်ခဲ့ရပြီး ပရိသတ်များကလည်း တခဲနက် သံပြိုင်သီဆို အားပေးခဲ့သည်။

“နေရစ်ခဲ့တော့” ဖျော်ဖြေပွဲတွင် Idiots အဖွဲ့၏ ပင်တိုင်တေးသံရှင် ရေမွန်၏ မိခင်နှင့်ညီမဖြစ်သူတို့ အပါအဝင် အခြားသော ဂီတအနုပညာရှင်များစွာတို့က Idiots အဖွဲ့နှင့်အတူ ပါဝင်ကူညီ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဂီတသက်တမ်း (၁၃) နှစ်ကာလတစ်လျှောက် Idiots အဖွဲ့ကို အာပေးခဲ့သည့် အမာခံပရိသတ်များစွာ လာရောက်အားပေးခဲ့သည်။

Most Read

Most Recent