Miss Goldenland Myanmar 2018 (ရှမ်း/တောင်) ကိုယ်စားပြု Miss ရွေးချယ်ပြိုင်ပွဲ ကျင်းပ

Miss Goldenland Myanmar 2018 (ရှမ်း/တောင်) ကိုယ်စားပြု Miss ရွေးချယ်ပြိုင်ပွဲ ကျင်းပ
Published 18 February 2018

 

စည်သာ(တောင်ကြီး)

Miss Goldenland Myanmar 2018 ရှမ်း/တောင် ကိုယ်စားပြု Miss ရွေးချယ်ပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ရာ ရှမ်း/တောင်ရှိ အလှမယ်ပေါင်း ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ရွေးချယ်ခံရသူ ၁ ဦးသည် ရန်ကုန်တွင် သွားရောက် ယှဉ်ပြိုင်ခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၆ နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ၃ ပိုင်းခွဲခြားထားပြီး၊ မြောက်ပိုင်းတွင် လားရှိုးမြို့၊ တောင်ပိုင်းတွင် တောင်ကြီးမြို့ တို့တွင် Miss ရွေးချယ်ပြိုင်ပွဲများ ကျင်းပနေခြင်းဖြစ်ပြီး၊ တောင်ကြီးတွင် ကျင်းပခြင်းသည် ဒုတိယကြိမ်မြောက်ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ Miss Goldenland Myanmar အနေဖြင့် ပွဲများကျင်းပနေသည်မှာ ၆ နှစ်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ ရှမ်းပြည် တောင်ပိုင်းမှာ ရှိတဲ့ ဇကာတင် ၁၆ ယောက် လာပြိုင်မယ်။ အဲဒီထဲကမှ တစ်ဦးကို ရွေးထုတ်မယ်။ ရှမ်းမြောက်မှာလည်း ရှမ်းမြောက် ကိုယ်စားပြုပေါ့။ ရှမ်းပြည်တောင်ပိုင်းအတွက် တစ်ဦးပဲ ရွေးထုတ်မယ်။ ”
ဟု ပွဲစီစဉ်ကျင်းပသူ မဖွေးဖွေး က ပြောကြားသည်။

ရှမ်းတောင် ကိုယ်စားပြု Miss ရွေးချယ်နိုင်ရန်အတွက် ၂ လကြိုတင်ကာအွန်လိုင်းတွင် စတင်ကြော်ငြာခဲ့ပြီး၊ လျှောက်လွှာခေါ်ယူခြင်း၊ လူတွေ့ရွေးချယ်ပြီး ၊ စခန်းသွင်း သင်တန်းပေးခြင်း တစ်ပတ်တာ ကြာမြင့်ကာ၊ ယနေ့ည တွင် ပြိုင်ပွဲအဖြစ် စတင် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် ပထမဆု၊ ဒုတိယဆု၊ Miss Body Fit ခန္ဓာကိုယ်လှပမှုဆု၊ Miss Friendship ဆု၊ စသည်တို့ကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Miss Goldenland Myanmar ရည်ရွယ်ချက်မှာ Body, Beauty, Brain ဖြစ်ပြီး၊ ကိုယ်လုံးကိုယ်ပေါက် အချိုးအစား မှန်ကန်ခြင်း၊ အမျိုးသမီး တစ်ယောက်၏ အလှအပ တရားနှင့် ပြည့်စုံခြင်း၊ ဉာဏ်ပညာ ထက်မြက်ခြင်း၊ ထိုသို့ လှပချောမော၊ ကျန်းမာကြံ့ခိုင်ပြီး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော အမျိုးသမီးများ မွေးထုတ်ပေးနိုင်ရန်၊ မြန်မာအမျိုးသမီးများ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်၊ နိုင်ငံတကာမှလည်း သိရှိနိုင်အောင် ရည်ရွယ်ကြောင်း၊ နိုင်ငံကိုယ်စားပြုပြီး နိုင်ငံတကာ တွင် သွားရောက်ယှဉ်ပြိုင်ရာတွင် နာမည်ကြီးဖြစ်သွားသော မင်းသမီးများလည်း ပေါ်ထွက်ခဲ့ကြောင်း၊ ဥပမာ- ခင်ဝင့်ဝါ၊ ဟန်သီ စသည်တို့ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

Most Read

Most Recent