၂၀၁၈ ခုနှစ် ပိုလာဂီတဆုကို အာဖဂန်ဂီတသိပ္ပံနှင့် Metallica အဖွဲ့ ဆွတ်ခူး

၂၀၁၈ ခုနှစ် ပိုလာဂီတဆုကို အာဖဂန်ဂီတသိပ္ပံနှင့် Metallica အဖွဲ့ ဆွတ်ခူး
Published 16 February 2018

Photo: AFP

ဂီတလောက၏ နိုဘယ်ဆုဟုခေါ်ဆိုသည့် ပိုလာဂီတဆုကို အာဖဂန်ဂီတသိပ္ပံနှင့် Metal ရှေ့ဆောင်အဖွဲ့ဖြစ်သည့် Metallica တို့ကဆွတ်ခူးခဲ့သည်ဟု ဆုရွေးချယ်ရေးကော်မတီက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဆုရရှိသူများသည် ဇွန် ၁၄ ရက်တွင် စတော့ဟုမ်းတွင်ပြုလုပ်မည့် ဆုပေးပွဲအခမ်းအနား၌ ဒေါ်လာ ၁၂၅,၀၀၀ စီ လက်ခံရရှိမည်ဖြစ်သည်။

Metallica အဖွဲ့၏ ပြိုင်စံရှား တူရိယာဝိုင်းတီးခတ်မှုနှင့် ယင်းအဖွဲ့၏ ဂီတပျံ့နှံ့မှုကို ဆုရွေးချယ်ရေးကော်မတီက ချီးကျူးခဲ့သည်။

၁၉၈၁ ခုနှစ်တွင် ဒရမ်တီးခတ်သူ Lars Ulrich၊ ဂီတာသမား၊ အဆိုတော် James Hetfield တို့နှင့်ဖွဲ့စည်းခဲ့သည့် Metallica အဖွဲ့သည် စီးပွားရေးအရ အောင်မြင်သည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဂီတသက်တမ်း ၃၇ နှစ်အတွင်း အယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။

“ပိုလာဂီတဆုရတာ မယုံကြည်နိုင်လောက်တဲ့ဖြစ်ရပ်တစ်ခု” ဟု Metallica အဖွဲ့၏ ဒရမ်တီးခတ်သူနှင့် အဖွဲ့ပူးတွဲထူထောင်သူ Lars Ulrich က ပြောကြားခဲ့သည်။

အာဖဂန်ဂီတသိပ္ပံသည် ပိုလာဂီတဆုကို ယင်းသိပ္ပံတည်ထောင်သူ Ahmad Sarmast နှင့်အတူ ပူးတွဲရရှိမည်ဖြစ်သည်။ Sarmast သည် စစ်ကြောင့် ဖွတ်ဖွတ်ကြေနေသော အာဖဂန်နစ္စတန်နိုင်ငံတွင် ‘ကျား၊ မ’ အတူသင်ကြားရသော မကြုံစဖူးအစီအစဉ်ဖြင့် အဆိုပါသိပ္ပံကို ၂၀၁၀ ပြည့်နှစ်၌ စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းဂီတသိပ္ပံတွင် အာဖဂန်နှင့် အနောက်တိုင်းဂီတနှစ်ခုစလုံးကို သင်ကြားပေးခဲ့ပြီး အာဖဂန်နစ္စတန်၏ ပထမဆုံး အမျိုးသမီးသံစုံတီးဝိုင်း ဖွဲ့စည်းနိုင်ရေးအတွက် ကူညီခဲ့သည်။ အဆိုပါအမျိုးသမီးသံစုံတီးဝိုင်းသည် ပြီးခဲ့သည့်နှစ်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့မြို့တွင်ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဖျော်ဖြေတင်ဆက်ခဲ့သည်။

၁၉၉၆-၂၀၀၁ ခုနှစ် တာလီဘန်အုပ်ချုပ်ရေးလက်အောက်တွင် ဂီတနှင့် အမျိုးသမီးများပညာသင်ကြားရေးကို ပိတ်ပင်ထားသည့် အာဖဂန်နစ္စတန်တွင် အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရသည့် Sarmast က ပိုလာဂီတဆုရရှိသည့်အတွက် ဂုဏ်ယူသည်ဟု ပြောကြားခဲ့သည်။

ပိုလာဂီတဆုကို ဆွီဒင်ပေါ့ပ်အဖွဲ့ ABBA ၏ မန်နေဂျာစတစ်အန်ဒါဆန်က ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တစ်နှစ်လျှင် ဆုနှစ်ဆုစီရွေးချယ်ခဲ့သည်။ ယင်းဆုကို စတင်း၊ ဘော့ဒီလန်၊ Bjork၊ ရှာဗီရှန်ခါနှင့် ဆွန်နီရိုးလင်းတို့လည်း ရရှိဖူးသည်။

Most Read

Most Recent