‘Message’ တေးသီချင်းပိုင်ရှင် လူငယ်တေးသံရှင် ဂျူဝယ်လ်ပြောပြခဲ့တဲ့ ငယ်စဉ်ဘ၀ အမှတ်တရဖြတ်သန်းရာ

‘Message’ တေးသီချင်းပိုင်ရှင် လူငယ်တေးသံရှင် ဂျူဝယ်လ်ပြောပြခဲ့တဲ့ ငယ်စဉ်ဘ၀ အမှတ်တရဖြတ်သန်းရာ
Published 15 February 2018

သီချင်းဆိုပြိုင်ပွဲတွေ အပြိုင်အဆိုင်ထွက်ပေါ်လာပြီးတဲ့နောက် သီချင်းဆိုပြိုင်ပွဲစင်မြင့်ထက်ကနေ ဂီတလမ်းခရီးကို လျှောက်လှမ်းနိုင်ကြတဲ့ လူငယ်မျိုးဆက်သစ် အနုပညာရှင်များစွာလည်း ထွက်ပေါ်လို့လာပါတယ်။ ဒီလိုလျှောက်လှမ်းလာကြသူတွေထဲမှာ ထူးထူးခြားခြား သတိပြုမိစေခဲ့သူတစ်ဦးကတော့ ‘Message’ တေးသီချင်းလေးရဲ့ပိုင်ရှင် တေးသံရှင် ဂျူဝယ်လ်ပဲဖြစ်ပါတယ်။ ၂၀၁၇ ရဲ့ချစ်သူများနေ့မှာ ‘Message’ သီချင်းရဲ့ Music Video ကို အွန်လိုင်းမှာ လွှင့်တင်ခဲ့ရာကနေ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့သလို Cover Song လေးတွေကို ကိုယ်ပိုင်ဟန်နဲ့သီဆိုတတ်တဲ့ The Four အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့လည်း ပရိသတ်အသိအမှတ်ပြုမှု ရရှိလာခဲ့သူဖြစ်ပါတယ်။ ဝါသနာပါရာ ဂီတခရီးလမ်းကို ပြိုင်ပွဲတွေကတစ်ဆင့် တစ်ဆင့်ချင်း လျှောက်လှမ်းလာခဲ့တဲ့ တေးသံရှင်ဂျူဝယ်လ်ရဲ့ ငယ်စဉ်ဘ၀ အမှတ်တရပုံရိပ်တွေကို တင်ဆက်ပေးချင်ပါတယ်။

တေးသံရှင် ဂျူဝယ်လ်ကို နှစ်တစ်နှစ်ရဲ့ နိုဝင်ဘာလမှာမွေးဖွားခဲ့ပြီး ပြင်ဦးလွင်ဇာတိ ဖြစ်ပါတယ်။ နာမည်ရင်းက ရတနာဦးဖြစ်ပြီး တစ်ဦးတည်းသောသမီးပါလို့ ပြောပြခဲ့ပါတယ်။ ဂျူဝယ်လ်က ငယ်စဉ်ကလေးဘ၀ အမှတ်တရအနေနဲ့ကတော့ မွေးဖွားချိန်မှာ မငိုတဲ့အတွက် တော်တော်လေးကို နာအောင်ရိုက်မှသာ ငိုသံထွက်လာတယ်လို့ မိဘတွေက ပြန်ပြောပြခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာတော့ စကားနည်းတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပြီး အဆော့တော့မက်တယ်လို့ ဆိုပါတယ်။

အနုပညာဝါသနာဗီဇကိုတော့ လေးငါးတန်းအရွယ်ရောက်မှသာ သတိထားမိခဲ့တယ်လို့ဆိုပါတယ်။ ပြင်ဦးလွင်မှာသာ တောက်လျှောက်ကြီးပြင်းခဲ့ရတဲ့ ဂျူဝယ်လ်က ငါးတန်းအရွယ်လောက်မှာ ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာကနေ သီချင်းတွေကို ပိုပြီးကြိုက်တတ်လာတယ်လို့ ဆိုပါတယ်။

ဂျူဝယ်လ်က ဆိုကရေးတီး ဗဟိုအဆင့်ပြိုင်ပွဲတွေမှာ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ဗုဒ္ဓဝင်တေးသီချင်းတွေကို သီဆိုယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်ဆုတွေ နှစ်အလိုက်ရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကတည်းကစပြီး ဂီတဝါသနာက ခိုင်မာစွဲမြဲလာခဲ့တယ်လို့လည်း ပွင့်ပွင့်လင်းလင်းဆိုပါတယ်။ ဂျူဝယ်လ်က ကျောင်းပညာရေးကိုတော့ ပြင်ဦးလွင်မှာ ကိုးတန်းအောင်တဲ့အထိ သင်ကြားခဲ့သလို ဆယ်တန်းနှစ်မှာတော့ မတ္တရာမှာ သွားရောက်ဖြေဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ B.Sc (Industrial Chemistry) ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ ကျောင်းပညာရေးမှာတော့ ထူးချွန်တဲ့အထဲမပါဝင်ဘူးလို့လည်း ဂျူဝယ်လ်က အမှတ်တရဆိုပါတယ်။

ဂျူဝယ်လ်က ဂီတခြေလှမ်း နောက်တစ်လှမ်းအဖြစ် ၂၀၁၀ မှာတော့ Super Star Singing Contest မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သလို ၂၀၁၂ မှာတော့ မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနောက်မှာ မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲရဲ့ ဒုတိယဆုကိုလည်း ရယူနိုင်ခဲ့သလို ပြိုင်ပွဲကရလာတဲ့ အတွေ့အကြုံကောင်းများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာပဲ ဂီတမိတ်သင်တန်းကို တက်ရောက်ဖြစ်ခဲ့တဲ့အပြင် Musical Theory ပိုင်းအပါအဝင် ဂီတနဲ့ပတ်သက်တာတွေကို လေ့လာသင်ယူခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ ဂျူဝယ်လ်ရဲ့ နောက်ထပ်အချိုးအကွေ့တစ်ခုအနေနဲ့ ဂီတမိတ်သင်တန်းသားတွေ စုစည်းဖွဲ့စည်းထားတဲ့ The Four အဖွဲ့မှာပါဝင်ခဲ့ပါတယ်။ Cover Song လေးတွေကို ကိုယ်ပိုင်ဟန်နဲ့ သီဆိုတတ်တဲ့ အဖွဲ့တစ်ခုဖြစ်ပြီး The Four အနေနဲ့ ဖြေးဖြေးမှန်မှန် ချီတက်နေရာကနေ ပရိသတ်အသိအမှတ်အားပေးမှုကို ရရှိလာခဲ့ပါတယ်။ ဂျူဝယ်လ်ရဲ့ နောက်ထပ်အနုပညာခြေလှမ်းတစ်ခုကတော့ ‘Message’ လို့ အမည်ရတဲ့သီချင်းလေးပါ။ အချစ်အလွမ်း သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပြီး ၂၀၁၇ ချစ်သူများနေ့မှာ အွန်လိုင်းမှာလွှင့်တင်ခဲ့ရာမှာတော့ ပရိသတ်အားပေးမှုများခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီသီချင်းနဲ့ပတ်သက်တဲ့ အမှတ်တရကိုတော့ တေးသံရှင်ဂျူဝယ်လ်က “ဒီသီချင်းက အမှတ်တရလို့ ပြောလို့ရပါတယ်။ ကျွန်တော်နဲ့ ကိုဖြိုး (ဖြိုးပြည့်စုံ) နဲ့က မောင်နှမတွေလိုဖြစ်နေတဲ့အပြင် ခဏခဏလည်း ရန်ဖြစ်တယ်။ အဲဒီတုန်းကတော့ ကိုဝေကြီးဆီ သီချင်းအကြမ်းသွားလုပ်ဖို့ရှိတယ် လိုက်မလားမေးတဲ့အချိန်မှာ မငြင်းမိဘဲ တစ်ခါတည်းလိုက်မယ်ဆိုပြီး လိုက်သွားဖြစ်တယ်။ အဲဒီသီချင်းလေးကို ဝေကြီးက အကြမ်းဆိုခိုင်းကြည့်တော့ ဆိုလိုက်တဲ့အချိန်မှာပဲ ခံစားလို့လည်းရတယ်။ အရမ်းလည်းကြိုက်တယ်။ အဲဒါနဲ့ပဲ ကိုဝေကြီး ကျွန်တော့်ကိုပဲပေးဆိုပါလို့ ပြောဖြစ်တာ။ ပရိသတ်တွေက ကြိုက်ကြတယ်ဆိုတော့လည်း ဝမ်းသာပါတယ်။ အဲဒီသီချင်းလေးကို piano version နဲ့ပဲ Live တစ်ခါလွှင့်ဖူးတယ်။ အဲဒီပုံစံလေးကိုလည်း ကြိုက်ကြတယ်ပြောတော့ ကျေနပ်ရပါတယ်” လို့ဆိုပါတယ်။

ဂျူဝယ်လ်က အခုနှစ်ချစ်သူများနေ့အတွက်လည်း တေးသံရှင် ဖြိုးပြည့်စုံနဲ့စုံတွဲ တေးသီချင်းတစ်ပုဒ်ကို အွန်လိုင်းမှာမျှဝေခဲ့ပြီး ‘မောင်အရင်လက်မှတ်ထိုး’ လို့နာမည်ပေးထားတဲ့ ဒီသီချင်းလေးက အွန်လိုင်းအသုံးပြုသူတွေကြားမှာ ဝေဖန်မှုအချို့ ပျံ့လွင့်ခဲ့ပါသေးတယ်။

တေးသံရှင် ဂျူဝယ်လ်က လတ်တလောမှာတော့ တေးရေးမင်းချစ်သူ ရေးသားထားတဲ့သီချင်းတွေကို စုစည်းထုတ်ဝေထားတဲ့ ‘သူပဲပိုင်တဲ့ ၂၄ နာရီ’ အယ်လ်ဘမ်မှာ စုံတွဲတေးသီချင်းတွေ ပါဝင်သီဆိုထားပါတယ်။ ဒါ့အပြင် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကိုလည်း အခုနှစ်အတွင်းထွက်ရှိနိုင်ဖို့ ကြိုးစားပြင်ဆင်နေသလို The Four အဖွဲ့အနေနဲ့လည်း အယ်လ်ဘမ်တစ်ခုထွက်ရှိဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဖျော်ဖြေရေးအနေနဲ့ The Four အဖွဲ့အနေနဲ့ ဖေဖော်ဝါရီလထဲမှာပဲ ပြုလုပ်ဖို့ရှိသလို ဂျူဝယ်လ်တစ်ယောက်တည်းအနေနဲ့တော့ မတ်လထဲမှာ ဖျော်ဖြေရေးလက်ခံထားတယ်လို့ ဆိုပါတယ်။

ဂီတမျိုးရိုးရှိသူမဟုတ်ဘဲ ဝါသနာပါရာ ဂီတခရီးလမ်းကို လျှောက်လှမ်းလာရသူဖြစ်တာကြောင့် ကြုံတွေ့ရတဲ့အခက်အခဲတွေကိုတော့ တေးသံရှင်ဂျူဝယ်လ်က “အခက်အခဲတွေတော့ရှိပါတယ်။ ကျွန်တော်တို့က ဂီတမျိုးရိုးလည်း မဟုတ်ဘူးလေ။ ဝါသနာပါတဲ့ အလုပ်ဖြစ်တာကြောင့် အခက်အခဲတွေရှိလည်း ဒီလိုပဲကြိုးစားကျော်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ကျော်ဖြတ်ခဲ့ရပါတယ်။ အခုချိန်မှာတော့ အခက်အခဲတွေရှိလည်းပဲ ဝါသနာပါတာလုပ်နေရရင် ပျော်တယ်ဆိုတဲ့စိတ်နဲ့ ဖြတ်သန်းဖြစ်တာပါ။ ပျော်လည်းပျော်ပါတယ်။” လို့ဆိုပါတယ်။

တေးသံရှင်ဂျူဝယ်လ်က သူ့ဘဝရဲ့ငယ်စဉ်ဘဝအမှတ်တရတွေနဲ့ ဂီတခရီးလမ်းတစ်လျှောက်က အတွေ့အကြုံအခက်အခဲတွေကို ပြုံးရွှင်စွာနဲ့ပဲ လက်ဆင့်ကမ်းပြောပြခဲ့တာပါ။ ဒါကြောင့် နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ ငယ်စဉ်ဘဝက အမှတ်တရတွေ၊ စိန်ခေါ်မှုနဲ့ အခက်အခဲတွေ ကိုကျော်ဖြတ်ခဲ့ပုံတွေကို မေးမြန်းတင်ဆက်ပေးဦးမယ်ဆိုတာ စောင့်မျှော်ဖတ်ရှုပေးပါဦးလို့ဆိုပါရစေ။

Most Read

Most Recent