ကမ္ဘာအနှံ့မှ အနုပညာရှင်များ ပါဝင်သီဆိုစေကာ ကမ္ဘာတစ်ဝန်းသို့ဖြန့်ချိမည့် တေးသီချင်း ဖန်တီးမှုအစီအစဉ်တွင် Big Bag ပါဝင်ရန် ကမ်းလှမ်းခံရ

ကမ္ဘာအနှံ့မှ အနုပညာရှင်များ ပါဝင်သီဆိုစေကာ ကမ္ဘာတစ်ဝန်းသို့ဖြန့်ချိမည့် တေးသီချင်း ဖန်တီးမှုအစီအစဉ်တွင် Big Bag ပါဝင်ရန် ကမ်းလှမ်းခံရ
Published 14 February 2018

ကမ္ဘာ့ထိပ်တန်း ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Queen အဖွဲ့၏ မန်နေဂျာအဖြစ် ဆောင်ရွက်လျက်ရှိသူ Jim Beach ၏ ကမ္ဘာအနှံ့မှ အနုပညာရှင်များ ပါဝင်သီဆိုစေကာ ကမ္ဘာတစ်ဝန်းသို့ဖြန့်ချိမည့် တေးသီချင်းဖန်တီးမှု အစီအစဉ်တွင် Big Bag အား ပါဝင်ရန်ကမ်းလှမ်းခံခဲ့ရကြောင်း သိရသည်။

New York City ဟု အမည်ပေးထားသည့် တေးသီချင်းအား ကမ္ဘာအနှံ့မှအနုပညာရှင်များက တစ်နိုင်ငံတစ်ပုဒ် ဖန်တီးမည် ဖြစ်ကာ အာရှနိုင်ငံများမှ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အနုပညာရှင်တို့အား ပါဝင်စေရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ Big Bag အဖွဲ့အား ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။ Jim Beach သည် Big Bag အဖွဲ့မှ တေးသံရှင်ကျားပေါက်နှင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် လာရောက်တွေ့ဆုံခဲ့ပြီး အဆိုပါကမ်းလှမ်းမှုအား တေးသံရှင် ကျားပေါက်က လက်ခံခဲ့ကြောင်းသိရသည်။

“Queen အဖွဲ့ရဲ့ မန်နေဂျာအနေနဲ့ ၁၉၇၀ လောက်ကနေ အခုချိန်ထိ လုပ်ခဲ့တဲ့ Jim Beach က လာရောက်တွေ့ဆုံခဲ့တာပါ။ သူ့ရဲ့ Project ဖြစ်တဲ့ New York City အတွက် လာရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ New York City ဆိုတဲ့သီချင်းကို ကမ္ဘာအနှံ့ ကအနုပညာရှင်တွေက ပါဝင်ဖန်တီးကြမှာ ဖြစ်ပြီး တစ်နိုင်ငံတစ်ပုဒ် ဖန်တီးကြမှာပါ။ ပြီးရင်တော့ Worldwide  ဖြန့်ချိဖို့စီစဉ်ထားတာပါ။ အဲဒီပရောဂျက်အတွက် Big Bag ပါဝင်ဖို့ကမ်းလှမ်းတာကို ဝမ်းသာဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ အာရှနိုင်ငံတွေမှာ လောလောဆယ်တော့ မြန်မာနဲ့ဂျပန် ပါဝင်တယ်လို့သိရပါတယ်” ဟု တေးသံရှင်ကျားပေါက်က ဆိုသည်။

တေးသံရှင်ကျားပေါက်နှင့် Queen အဖွဲ့၏မန်နေဂျာ Jim Beach တို့တွေ့ဆုံရာတွင် Big Bag ၏ ထွက်ရှိထားပြီးသည့် အယ်လ်ဘမ်များကိုလည်း ပေးအပ်လိုက်ပြီး Queen အဖွဲ့၏ Lead guitarist Brian May အား ပေးအပ်မည်ဖြစ်ကြောင်း ပြော ကြားသွားခဲ့သည်ဟု သိရသည်။

တေးသံရှင် ကျားပေါက်သည် Queen အဖွဲ့၏မန်နေဂျာ Jim Beach  နှင့်တွေ့ ဆုံခွင့်ရခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အနုပညာရှင်များအား ရွေးချယ်ဖိတ်ခေါ်ကာ သီချင်းတစ်ပုဒ်ဖန်တီးရန် ကမ်းလှမ်းခဲ့သည့် အကြောင်း ကို လူမှုကွန်ရက်စာမျက်နှာထက်မှလည်း ပြန်လည်မျှဝေခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်များက ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း ရေးသားပေးပို့ခဲ့ကြသည်။

Big Bag အဖွဲ့သည် ၂၀၁၇ ခုနှစ်အတွင်းတွင် အင်္ဂလိပ်တေးသီချင်းနှင့် မြန်မာသီချင်းများပါဝင်သည့် Anger Management တေးအယ်လ်ဘမ်ကို ထွက်ရှိထားပြီး ယခုနှစ်အတွင်းတွင်လည်း ဆွီဒင်နိုင်ငံ၌ အသံသွင်းယူထားကာ အင်္ဂလိပ်တေးသီ ချင်းအများစုပါဝင်မည့် Weapons of Choice တေးအယ်လ်ဘမ်ကို ကမ္ဘာ့နိုင်ငံများသို့ပါ ဖြန့်ချိနိုင်ရန် ပြင်ဆင်နေသူဖြစ်သည်။ Big Bag အဖွဲ့သည် ယခုနှစ်အတွင်း Starry Night Tour ကို  ကျင်းပသွားရန်စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent