w သရုပ်ဆောင်ကျော်ကျော်နှင့် တွေ့ဆုံခြင်း - Eleven Media Group <

သရုပ်ဆောင်ကျော်ကျော်နှင့် တွေ့ဆုံခြင်း

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သူ သရုပ်ဆောင်တစ်ဦးက Stidio 35 က မွေးထုတ်ပေးခဲ့တဲ့ သရုပ်ဆောင်ကျော်ကျော်ပါ။ ဟာသဇာတ်ရုပ်တွေမှာ သရုပ်ဆောင်မှုများပေမယ့် အခြားသော ဇာတ်ကောင်စရိုက်များစွာကိုလည်း အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သူ ကျော်ကျော်ကို ရုပ်ရှင်ရုံတွေမှာ လက်ရှိရုံတင်ပြသနေဆဲဖြစ်တဲ့ ‘အနမ်းဝိုင်’ ဇာတ်ကားမှာတော့ ကွဲပြားတဲ့ပုံစံတစ်မျိုး အနေနဲ့ ပရိသတ်တွေက တွေ့မြင်ခဲ့ရပြီးသလို လက်ရှိမှာ သူ့အနေနဲ့ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ရင်ဆိုင်နေရတဲ့အပေါ်မှာ သူ့ရဲ့ခံစားမှုနဲ့ ပရိသတ်ကိုပြောချင်တဲ့ အကြောင်းအရာတွေနဲ့အတူ အနမ်းဝိုင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ သူ့ရဲ့အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့တာကို ဖော်ပြပေးလိုက်ပါတယ် . . . . .

■ မေး – အနမ်းဝိုင်ဇာတ်ကားမှာ လင်းခိုင် ဇာတ်ကောင်အတွက် ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို သိပါရစေ။

ဖြေ – ‘အနမ်းဝိုင်’ ၀တ္ထုကို ကျွန်တော်ဖတ်ဖူးထားခဲ့တော့ ဇာတ်ကားအတွက် ကျွန်တော့်ကိုလင်းခိုင်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတဲ့အခါ ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုတစ်ခုလိုပါပဲ။ ကျွန်တော်အတွက် တစ်ခါမှ သရုပ်ဆောင်မဖူးသေးတဲ့ ဇာတ်ကောင်စရိုက်မမျိုးဖြစ်တဲ့ အတွက်ပါ။ အဲဒီအတွက် ကျွန်တော့်ဘက်က ဒီဇာတ်ကို ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တာပါ။

■ မေး – လင်းခိုင်ဇာတ်ရုပ်က ကိုယ့်အတွက် သရုပ်ဆောင်မှုအသစ်တစ်ခုလို ဖြစ်နေတဲ့အတွက်ရော ဘယ်လိုကြိုးစားခဲ့ရလဲ။

ဖြေ – လင်းခိုင်ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် ၀တ္ထုကိုရော ဇာတ်ညွှန်းကိုပါ ထပ်ခါထပ်ခါ ကျွန်တော်ပြန်ပြီး ဖတ်ပါတယ်။ လင်းခိုင်ဆိုတဲ့ဇာတ်ကောင်က ဒီဇာတ်ကားမှာ ကိုယ့်ကိုကိုယ်လည်း လုံးဝယုံကြည်မှုမရှိဘူး။ အမြဲတမ်းလည်း ကြောက်နေတတ်တယ်။ အရာရာမှာ အမေကို မှီခိုတယ်။ အရမ်းပျော့ညံ့တော့ တစ်ခါတခါ မိန်းကလေးဆန်တာမျိုးတွေလည်း ရှိတယ်။ ဒီဇာတ်ကောင်တစ်ခုတည်းမှာပဲ ခံစားမှုနဲ့ သွင်ပြင်တွေက ရောနေတဲ့အခါ ကျွန်တော့်အနေနဲ့ အဲဒီပုံစံတွေပေါ်ပြီး တစ်ခုခုဘက်ကို ရောက်မသွားအောင်လို ကြားကျတဲ့ပုံစံတွေကိုလိုက်ပြီး သရုပ်ဆောင်ရတယ်။ အဲဒါကိုက ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်သေချာ ကြိုးစားခဲ့တယ်။ ခုပြန်ကြည့်တဲ့အခါမှာတော့ လင်းခိုင်ဆိုတဲ့ဇာတ်ကောင်လေးနဲ့ အနီးဆုံးဖြစ်အောင် လုပ်နိုင်ခဲ့တယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အထင်ဆိုတာထက် ပရိသတ်တွေရဲ့ အမြင်က ပိုပြီးအရေးကြီးပါတယ်။

■ မေး – ဒါဆိုအနမ်းဝိုင်ဇာတ်ကားမှာ ကိုယ့်ရဲ့သရုပ်ဆောင်မှုအပေါ် ကျေနပ်မှုအပြည့်ရှိလား။

ဖြေ – ကျွန်တော့်အနေနဲ့ကတော့ ဘယ်ဇာတ်ကားပဲဖြစ်ဖြစ်၊ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးပဲဖြစ်ဖြစ် ကိုယ့်ဘာသာပြန်ကြည့်တဲ့အခါတိုင်းမှာ လိုအပ်ချက်လေးတွေတော့ အမြဲတမ်း ရှိနေတယ်လို့ ခံစားရတယ်။ ရှေ့ဆက်ပြီးတော့လည်း ကိုယ့်ဘက်က ဘာတွေဆက်လုပ်သွားရမလဲ ဘာတွေလုပ်သွားသင့်သလဲဆိုတာ အမြဲတမ်း ဆင်ခြင်သတိပေးပါတယ်။ အနမ်းဝိုင်ဇာတ်ကားတစ်ကားလုံးကို ကြည့်ပြီးရင်တော့ ကျွန်တော်ဟာ ဒီဇာတ်ကားကောင်းဖို့အတွက် တစ်ထောင့်တစ်နေရာကနေပြီး ပံ့ပိုးပေးရတဲ့သူ တစ်ဦးဖြစ်တဲ့အတွက် ပရိသတ်တစ်ယောက် အနေနဲ့ ကြည့်ရင်တော့ ကျွန်တော့်ဘက်က အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။

■ မေး – အခုနောက်ပိုင်းမှာ အနုပညာရှင်တွေအနေနဲ့ ဇာတ်ကားရဲ့ အရည်အသွေးပိုင်းကို ပိုပြီးအာရုံစိုက်လာတဲ့အပေါ် ကျော်ကျော်အမြင်ကို သိချင်ပါတယ်။

ဖြေ – ကျွန်တော့်အနေနဲ့ကတော့ အရင်တည်းက ဇာတ်ကားတစ်ကားရဲ့ အရည်အသွေးပိုင်းကို ပိုပြီးဦးစားပေးချင်ခဲ့တာပါ။ ဒီလိုပဲဖြစ်အောင်လည်း ကြိုးစားလုပ်ဆောင်ကြရမှာပါ။ လူတိုင်းကတော့ စားဝတ်နေရေးတော့ ရှိတာပေါ့။ အဲဒီအပေါ်မှာ ချိန်ထိုးပြီး ကိုယ်လိုချင်တဲ့ဘက်ကို ရောက်အောင်တော့ ကြိုးစားပြီးသွားကြရမှာပါ။

■ မေး – ကျော်ကျော်အနေနဲ့ရော အနုပညာအရည်အသွေးထက် ငွေကြေးကို ပိုဦးစားပေးတဲ့ဇာတ်ကားတွေ ရိုက်ခဲ့ရတာပိုများလား။

ဖြေ – အနုပညာပိုင်းထက် စားဝတ်နေရေးအတွက်ကြည့်ပြီး ရိုက်ခဲ့တဲ့ဇာတ်ကားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေအနေနဲ့ အနုပညာကိုချစ်တဲ့ အနုပညာသမားတွေဖြစ်နေတဲ့အတွက် အမြဲတမ်းတော့ ငွေကြေးကိုကြည့်နေကြတာ မဟုတ်ပါဘူး။ ကိုယ့်အနုပညာ အရည်အသွေးအတွက် အကောင်းဆုံး ကြိုးစားရမယ့် အခွင့်အရေးရှိလာတဲ့အခါ ကျွန်တော်တို့တွေ အမြဲဦးစားပေး ရွေးချယ်ကြိုးစားခဲ့ကြပါတယ်။

■ မေး – လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ရော ဘာတွေရှိမလဲ

ဖြေ – ‘ရောင်နီမျှော်တဲ့နွေဦး’ ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ကျွန်တော်ရဲ့ကိုကြက်ဖရယ်၊ စုမြတ်နိုးဦး၊ တိုင်ရွန်၊ ဖူးစုံတို့နဲ့အတူ ရိုက်ကူးထားပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာလည်း ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးဖို့ စီစဉ်ထားပါတယ်။

■ မေး – လက်ရှိကြုံတွေ့နေရတဲ့ ဝေဖန်မှုတွေအပေါ်မှာ ပြောချင်တာရှိရင်

ဖြေ – ကျွန်တော့်အနေနဲ့ ဖေ့စ်ဘုတ်မှာ တင်ခဲ့တဲ့စာက ပရိသတ်တစ်ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ ကျွန်တော်မြင်တာ ခံစားရတာကို တင်ခဲ့ပြောခဲ့တာပါ။ အဲဒီအတွက် ကျွန်တော့်ဘက်က စိတ်လုံပါတယ်။ နောက်ပြီး အဲဒီလို တင်လိုက်တည်းက ဆဲရမယ်ဆိုတာတော့ သိပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးထိ ဖြစ်သွားမယ်လို့တော့ မထင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော့်အနေနဲ့ကတော့ ဝေဖန်မှုတွေအားလုံးကို လက်ခံပါတယ်။ ‘ဥပါယ်တံမျဉ်’ ဇာတ်ကားကိုလည်း ကျွန်တော်တို့ သွားအားပေးခဲ့တာပဲ။ သရုပ်ဆောင်သစ်တွေနဲ့ မတူတဲ့ရှုထောင့်က နေတင်ဆက်နိုင်တယ်လို့လည်း ဇာတ်ကားလို့ သတ်မှတ်ခဲ့တာပါပဲ။ ကျွန်ရေးခဲ့တာကလည်း ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်မြင်တာကိုရေးတာ၊ ပြောတာပါပဲ။ ကျွန်တော်အနေနဲ့ ဘယ်တစ်ဦးတစ်ယောက်မှ မနာလိုစရာမရှိသလို ထိခိုက်နစ်နာစေချင်တာလဲ မရှိပါဘူး။ အားလုံးက ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပါပဲ။ ကျွန်တော့်စိတ်ထဲခံစားမိတာ၊ ကျွန်တော်မြင်တာကို ပြောတာဖြစ်ပေမဲ့ အားလုံးစိတ်အနှောင့်အယှက် ဖြစ်သွားတာကိုတော့ စိတ်မကောင်းပါဘူး။ ကျွန်တော်နဲ့ အနီးကပ်ရှိတဲ့သူတွေက ကျွန်တော်ဘယ်လိုလဲဆိုတာ သိပေမယ့် အခြားသော အားပေးနေတဲ့ ပရိသတ်တွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်ကို အထင်အမြင်လွဲတာမျိုးဖြစ်မှာတော့ ကျွန်တော်တကယ် စိုးရိမ်ပါတယ်။ ကျွန်တော့် ခံစားမှုနဲ့ အမြင်ကို ပြောမိတာကလွဲရင် တခြားသော မကောင်းတဲ့စိတ်မျိုး မနာလိုတာမျိုးတွေ မရှိပါဘူး။ ဝေဖန်ကြတဲ့ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

February 11, 2018














Copy Protected by Chetan's WP-Copyprotect.