ပါရီရထားပေါ်၌ အကြမ်းဖက်တိုက်ခိုက်မှုအား ဟန့်တားခဲ့သည့်အကြောင်း ဇာတ်ကားကို ဖြန့်ချိ

ပါရီရထားပေါ်၌ အကြမ်းဖက်တိုက်ခိုက်မှုအား ဟန့်တားခဲ့သည့်အကြောင်း ဇာတ်ကားကို ဖြန့်ချိ
Published 10 February 2018

The 15 : 17 to Paris ဇာတ်ကားမိတ်ဆက်ပွဲတွင် ဒါရိုက်တာကလင့်အိစ်ဝုဒ်နှင့် သရုပ်ဆောင်များကို တွေ့ရစဉ် (Photo - AFP)

ပါရီသို့ ဦးတည်သွားရောက်သည့် ရထားတစ်စီးပေါ်တွင် အကြမ်းဖက်တိုက်ခိုက်ရန်စီစဉ်မှုကို အမေရိကန်နိုင်ငံသား သုံးဦးက ဟန့်တားခဲ့သည့် ဖြစ်ရပ်မှန်ကို ဒါရိုက်တာ ကလင့်အိစ်ဝုဒ်ရိုက်ကူးထားသည့်  The 15 : 17 to Paris ဇာတ်ကားကို ဖေဖော်ဝါရီ ၉ ရက်တွင် အမေရိကန်၌ ဖြန့်ချိခဲ့သည်။

၂၀၁၅ ခုနှစ် သြဂုတ်တွင်  အမ်စတာဒမ်မှ ပါရီသို့သွားသည့် ရထားပေါ်၌ လူ ၅၀၀ အား သတ်ရန်လုံလောက်သည့် ကျည်များပါဝင်သည့် သေနတ်သမားတစ်ဦးကို အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် Alek Skarlatos၊ အမေရိကန်လေတပ်တပ်ဖွဲ့ဝင် Spencer Stone နှင့် ရုပ်သံအစီအစဉ်တင်ဆက်သူ၊ စာရေးဆရာ Anthony Sadler တို့က ဟန့်တားခဲ့သည်။

ရုရှားနိုင်ငံထုတ် ကလက်နီကော့ဗ်ရိုင်ဖယ် သေနတ်တစ်လက်၊ မောင်းပြန်ပစ္စတို တစ်လက်နှင့် စက္ကူဖြတ်ဓားတစ်လက်ကိုင်ဆောင်၍ ရထားပေါ်တွင် ပစ်ခတ်နေသည့် အသက် ၂၅ နှစ်အရွယ်ရှိ မော်ရိုကိုနိုင်ငံသား အေယုအီးခါဇနီကို ယင်းအမျိုးသားသုံးဦးက ရုတ်တရက်တစ်ဟုန်ထိုးတိုက်ခိုက်ကာ ထိန်းသိမ်းခဲ့သည်။ ယင်းပစ်ခတ်မှုတွင် တိုက်ခိုက် သူအပါအဝင်လေးဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းအချိန်က အမေရိကန်သမ္မတဖြစ်သည့် ဘာရက်အိုဘားမားက ၎င်းတို့သုံးဦးကို သူရဲကောင်းများအဖြစ် ချီးကျူးခဲ့သည်။ ပြင်သစ်နိုင်ငံက ယင်းအမျိုးသားသုံးဦးကို အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သည့် Legion of Honor ဖြင့် ဂုဏ်ပြုခဲ့သည်။ အီးခါဇနီသည် ပြင်သစ်နိုင်ငံတွင် ထိန်းသိမ်းခံထားရပြီး အကြမ်းဖက်မှုနှင့်ဆက်စပ်သည့် လူသတ်ရန် ကြိုးပမ်းမှု၊ အကြမ်းဖက်မှုနှင့်ဆက်စပ်သည့် လက်နက်များ လက်ဝယ်တွေ့ရှိမှုနှင့် အကြမ်းဖက်မှုအတွက် လျှို့ဝှက်ပူးပေါင်းကြံစည်မှု စွဲချက်များဖြင့် တရားစွဲခံခဲ့ရသည်။

အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ရှိ  ယင်းအမျိုးသားသုံးဦးနှင့် ဆုပေးပွဲတစ်ခုတွင် တွေ့ဆုံခဲ့ပြီးနောက် အိစ်ဝုဒ်က ရထားတိုက်ခိုက်မှုဖြစ်စဉ်ကို ဇာတ်ကားရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။ အော်စကာဆုရ ဒါရိုက်တာ အိစ်ဝုဒ်က အဓိကဇာတ်ကောင်များနေရာတွင် သရုပ်ဆောင်များအစား ၎င်းတို့သူငယ် ချင်းသုံးဦး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

“ဇာတ်ကားမရိုက်ခင် သုံးပတ်လောက်မှာ အိစ်ဝုဒ်က ကျွန်တော်တို့ကို ကိုယ်တိုင် သရုပ်ဆောင်စေချင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့က သရုပ်ဆောင်သင်တန်းလည်း တစ်ခါမှမတက်ဖူးပါဘူး။ အိစ်ဝုဒ်က ကိုယ်လုပ်စရာရှိတာကို ရိုးရိုးရှင်းရှင်းလုပ်။ အဲဒါတွေကို  အမိအရရိုက်မယ်လို့ ပြောခဲ့တယ်” ဟု Sadler က ပြောကြားခဲ့သည်။

Most Read

Most Recent