Guess ပူးတွဲတည်ထောင်သူ၏ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများအကြောင်း ကိတ်အပ်တန်က အသေးစိတ် ထုတ်ဖော်ပြောကြား

Guess ပူးတွဲတည်ထောင်သူ၏ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများအကြောင်း ကိတ်အပ်တန်က အသေးစိတ် ထုတ်ဖော်ပြောကြား
Published 9 February 2018

Guess ပူးတွဲတည်ထောင်သူနှင့် တီထွင်ဖန်တီးမှုဒါရိုက်တာ ပေါမာစီယာနိုက ၎င်းကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့သည်ဟု စူပါမော်ဒယ်ကိတ်အပ်တန်က စွပ်စွဲခဲ့ပြီး သီတင်းတစ်ပတ်အကြာတွင် ယင်းစွပ်စွဲချက်များနှင့်ပတ်သက်ပြီး အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့သည်။

Guess အမျိုးသမီးအတွင်းခံကြော်ငြာ ရိုက်ကူးခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ် ဇူလိုင်တွင် ပေါမာစီယာနိုက မိမိကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် စော်ကားမှုပြုလုပ်ခဲ့သည်ဟု အသက် ၂၅ နှစ်အရွယ်ရှိ အပ်တန်က ဖေဖော်ဝါရီ ၇ ရက်တွင် တိုင်းမ်မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

“ပေါက ကျွန်မနဲ့တွေ့ချင်တယ်ပြောတယ်။ ဓာတ်ပုံဆရာယုဆိုင်းနဲ့ လမ်းလျှောက်နေတုန်း သူက ကျွန်မဆီကိုရောက်လာပြီး ရင်သားတွေကို အတင်းအကျပ်ဆုပ်ကိုင်ခဲ့တယ်။ ပေါင်တွေကို ပွတ်သပ်တယ်။ ကျွန်မကိုနမ်းရှိုက်တယ်။ ကျွန်မအလွန်အမင်းတုန်လှုပ်ပြီး ထိတ်လန့်ခဲ့တယ်။ သူ့ကို ကျွန်မတွန်းထုတ်ခဲ့တယ်” ဟု အပ်တန်က ပြောကြားခဲ့သည်။ ယင်းအချိန်က အပ်တန်၏အသက်သည် ၁၈ နှစ်သာရှိသေးသည်။ ယင်းနောက် ပေါမာစီယာနိုက မိမိ၏ ဟိုတယ်အခန်းသို့သွားရန် ထပ်တလဲလဲတောင်းဆိုခဲ့မှုကို ငြင်းဆိုခဲ့သည်ဟု အပ်တန်က ပြောကြားခဲ့သည်။

“ကျွန်မကို လူမြင်ကွင်းမှာတောင် မဖွယ်မရာ ထိတွေ့မှုတွေလုပ်ခဲ့တာ။ နှစ်ယောက်တည်းရှိနေရင် သူဘာလုပ်ဖို့ကြိုးစားမယ်ဆိုတာကို ကျွန်မစိတ်တောင်မကူးရဲခဲ့ပါဘူး” ဟု အပ်တန်က ပြောကြားခဲ့သည်။

တစ်လအကြာတွင် Guess အတွက် နောက်ထပ်ဓာတ်ပုံရိုက်ကူးမှုပြုနေစဉ် ပေါမာစီယာနိုက မိမိ၏အခန်းတွင် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်ဟု အပ်တန်ကဆိုသည်။ ယင်းတောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီးနောက် ၎င်းသည် ဓာတ်ပုံရိုက်ကူးမှုမှ ထုတ်ပယ်ခံခဲ့ရသည်ဟု အပ်တန်က ပြောကြားခဲ့သည်။

“ပေါက သူ့ရဲ့သြဇာကိုအသုံးပြုပြီး ကျွန်မကိုယုံကြည်မှုမရှိအောင်၊ အစွမ်းမရှိအောင်လုပ်ခဲ့ပေမယ့် ကျွန်မက သူ့ရဲ့ခြိမ်းခြောက်မှုကို လက်သင့်မခံခဲ့ပါဘူး။ သူတို့လိုလူတွေက သူတို့ကိုမထိနိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အချိန်တွေက ပြောင်းလဲလာပါပြီ” ဟု အပ်တန်က ပြောကြားခဲ့သည်။

ပေါမာစီယာနိုကမူ အပ်တန်၏စွပ်စွဲချက်များကို လုံးဝမှားယွင်းကြောင်း၊ ယုတ္တိမရှိကြောင်း ငြင်းဆိုခဲ့သည်။ Sports Illustrated ရေကူးဝတ်စုံ၏ မော်ဒယ်ဖြစ်သော ကိတ်အပ်တန်သည် Tower Heist၊ Layover နှင့် The Other Women ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ တစ်ချိန်က Guess ၏ မော်ဒယ်တစ်ဦးဖြစ်ခဲ့သည့် အပ်တန်က လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ဆန့်ကျင်သည့် MeToo လှုပ်ရှားမှုတွင် ထပ်မံပါဝင်လာသည့် သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

Most Read

Most Recent