<

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (၁၆) နှစ်မြောက် အထိမ်းအမှတ် ရန်ပုံငွေဂီတဖျော်ဖြေပွဲ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (၁၆) နှစ်မြောက် အထိမ်းအမှတ် ခေတ်ပေါ်နှင့် ဂန္ထ၀င်ရန်ပုံငွေဂီတဖျော်ဖြေပွဲ ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာသံစဉ် တေးသံရှင်များ၊ ခေတ်ပေါ်နှင့် စတီရီယို တေးသံရှင် အများအပြားက ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး ရရှိသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ရန်ပုံငွေအဖြစ် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲကိုပြုလုပ်တာကတော့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းဝင်တွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အနုပညာရှင်တွေကလည်း တတ်နိုင်သလောက် ကူညီပေးဖို့ စီစဉ်ကြပါတယ်။ အဲဒီအတွက် ၀မ်းသာရပါတယ်။ ကိုယ်အင်္ဂါမသန်စွမ်းသူများထဲမှာလည်း အနုပညာ ၀ါသနာဗီဇပါလာသူတွေရှိတာကြောင့် ဒီပွဲမှာ သူတို့ကို ဖျော်ဖြေစေဖို့လည်း စီစဉ်ထားပါတယ်။ ပွဲကနေရရှိလာတဲ့ ရန်ပုံငွေတွေကို ဒီအသင်းဝင်တွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ လုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း အထွေထွေ အတွင်းရေးမှူး ဦးအေးကိုကိုက ဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်မည့် အဆိုပါ ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်တင်ဦးလေး၊ မောင်သိန်းဝင်း၊ သန်းမြတ်စိုး၊ မောင်မောင်အေး (အလင်္ကာဝတ်ရည်)၊ တက္ကသိုလ်လဲ့လဲ့၊ စိုးစန္ဒာထွန်း၊ ရွှေရည်သိန်းတန်၊ စိမ်းလဲ့လဲ့၊ အိအိချွန်၊ အိအိမွန်၊ ပန်းအိဖြူ၊ သွန်း၊ သဲနုဝါ စသည့် မြန်မာသံစဉ် အနုပညာရှင်များ ပါဝင်မည့်အပြင် စိန်ဝင်းထွန်း၊ ဂျက်မြသောင်း၊ ဝေဠုကျော်၊ ဇော်ဝင်းထွဋ်၊ စောဖိုးခွား၊ ချိုပြုံး၊ မေဆွိ၊ မေခလာ၊ မီမီဝင်းဖေ၊ ချစ်သုဝေ၊ မိုင်၊ ရတနာမိုင်၊ ပွင့်၊ ဆုထက်လှိုင်နှင့် အနုပညာရှင်များစွာ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ကိုယ်အင်္ဂါမသန်စွမ်းသော်လည်း အနုပညာဝါသနာ ဗီဇပါဝင်သူများ၏ ဖျော်ဖြေမှုကိုလည်း ထည့်သွင်း တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

ဖျော်ဖြေပွဲအတွက် လက်မှတ်များကို ကျပ်နှစ်သောင်း၊ တစ်သောင်းနှင့် ငါးထောင်ဟု အသီးသီး သတ်မှတ်ရောင်းချလျက်ရှိပြီး ဖျော်ဖြေပွဲကို ည ၇ နာရီတွင် စတင်မည်ဖြစ်သည်။ လက်မှတ်များကို မန်းသီရိတေးသံသွင်းနှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းချုပ်တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (၁၆) နှစ်မြောက် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲအကြို အဖြစ်လည်း ရန်ပုံငွေများ ပါဝင်လှူဒါန်းခြင်းများရှိပြီး ဖျော်ဖြေပွဲနေ့တွင်လည်း ပါဝင်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

February 8, 2018














Copy Protected by Chetan's WP-Copyprotect.