သရုပ်ဆောင် မော်ဒယ် ခါရာရဲ့ ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင် မော်ဒယ် ခါရာရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 8 February 2018

ရုပ်ရှင်ပင်မရေစီးကြောင်းကနေ ခွဲထွက်ဖန်တီးလာပြီး ပရိသတ်စိတ်ဝင်စားမှုကို ရရှိလာတဲ့ လူငယ်အနုပညာရှင်တွေ အခုနှစ်ပိုင်းမှာ ပိုမိုထွက်ပေါ်လာပါတယ်။ ဒီလို အနုပညာဖန်တီးမှု အသစ်များစွာနဲ့ ပရိသတ်စိတ်ဝင်စားမှု ရရှိလာစေသူများထဲ တစ်ဦးကတော့ သရုပ်ဆောင်မော်ဒယ်ခါရာပဲ ဖြစ်ပါတယ်။ မော်ဒယ်တစ်ဦးအဖြစ် အားပေးမှု များပြားခဲ့ရာက သရုပ်ဆောင်တစ်ဦးအဖြစ် ကူးပြောင်းလာချိန်မှာလည်း ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေရဲ့ ထူးခြားတဲ့ဇာတ်လမ်း ဇာတ်အိမ်၊ အချိန်ယူ ဖန်တီးထားမှု၊ ဇာတ်ကားတွေရဲ့ ပိုစတာ အပါအဝင် အနုပညာဖန်တီးမှုတွေက ပရိသတ် စိတ်ဝင်စားမှု ပိုစေခဲ့တာပါ။ မကြာခင် ရုံတင်ပြသတော့မယ့် ‘Dimension’ ဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်ခါရာရဲ့ ငယ်စဉ်ဘ၀ အမှတ်တရအချို့ကို အခုတစ်ပတ်မှာ ပြန်လည်ဝေမျှပေးချင်ပါတယ်။

သရုပ်ဆောင်မော်ဒယ်ခါရာကို ၁၉၉၃ ခုနှစ်အောက်တိုဘာ ၂၁ ရက်မှာ ဦးမြင့်ဦး၊ ဒေါ်နန်းစိန်တို့က မွေးဖွားခဲ့ကြပါတယ်။ မိုးကုတ်ဇာတိဖြစ်တဲ့ခါရာက အကြီးဆုံးသားဖြစ်ပြီး ညီတစ်ယောက်၊ ညီမတစ်ယောက်တို့ ရှိပါတယ်။ ငယ်စဉ်ဘဝရဲ့ အမှတ်တရ အနေနဲ့ကတော့ ကလေးအဝပြိုင်ပွဲ၊ ပေါင်ချိန်များတဲ့ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့ဖူးတာက အမှတ်တရတစ်ခုပါလို့ ဆိုပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်းက ဓာတ်ပုံရိုက်ရင် ပို့စ်တွေ အရမ်းလုပ်တတ်သူဖြစ်သလို စတိုင်လ်ကျကျနေရတာကိုကြိုက်တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ခါရာက ကျောင်းပညာရေး အနေနဲ့ မိုးကုတ်မြို့မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အထိ တက်ရောက်ခဲ့ပြီး ပညာသင်ယူလေ့လာစဉ်မှာ သာမန်လောက်သာ စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာရပ်တွေထဲက အင်္ဂလိပ်စာနဲ့ သင်္ချာကို ဝါသနာပါပြီး ကျက်စာဘာသာရပ်တွေကိုတော့ အားနည်းတယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံး မိုးကုတ်မြို့မှာ နေထိုင်ကြီးပြင်းခဲ့သူဖြစ်လို့ နယ်မြို့က ကျောင်းမှာတက်ခဲ့ရသူပီပီ ကျောင်းကပွဲတွေလည်း မရှိခဲ့ပါဘူးလို့ ပြောပြခဲ့ပါတယ်။

“ငယ်ငယ်ကတည်းက သီချင်းဆိုတာ တော်တော်ဝါသနာပါတယ်။ ကျောင်းမှာ ကလေးတွေ တူတူသီချင်းဆိုခိုင်းပြီဆိုရင် ကျွန်တော့်အသံက အကျယ်ဆုံးပဲ။ အရမ်းကိုတက်ကြွပြီး အော်ဆိုတာ။ ဆရာမတွေ သတိထားမိတဲ့အထိကို အကျယ်ကြီး အော်ဆိုခဲ့ဖူးတယ်။ အဲဒါကလည်း အမှတ်တရပါ” လို့ ခါရာက ဆိုပါတယ်။

ခါရာက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် အင်္ဂလိပ်ဘာသာအထူးပြု အဝေးသင်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အနုပညာလောကထဲ ပထမဆုံးခြေတစ်လှမ်းအနေနဲ့ မော်ဒယ်လ်ပြိုင်ပွဲကို ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး ခါရာအဖြစ် ပရိသတ်တွေ သတိထားမိစေခဲ့တာကတော့ Mister Asia 2014 မှာ ဆုများစွာ ရရှိခဲ့တာပါလို့လည်း ခါရာကဆိုပါတယ်။

“မော်ဒယ်တစ်ယောက်အဖြစ်စပြီး လှုပ်ရှားခဲ့တုန်းက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ နယ်ကလာပြီး လုပ်ရတာလည်း ဖြစ်တယ်လေ။ နောက်တစ်ခုက စကားပြောတဲ့နေရာမှာ တော်တော်လေး အခက်တွေ့ပါတယ်။ ငယ်ငယ်ကတည်းက စကားနည်းတဲ့တော့ အင်တာဗျူးတွေဖြေတဲ့အခါလည်း သိပ်မပြောတတ်ဘူး။ အဲဒီလို အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။ ကင်မရာချိန်ပြီး မေးခွန်းမေးတော့မယ်ဆိုရင်ကို စကားတစ်ခွန်းမှ ထွက်မလာတော့တဲ့အထိ အခက်အခဲတွေ ရှိခဲ့ဖူးတယ်။ ရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ပြန်ပြီးလေ့ကျင့်ခဲ့ရတယ်” လို့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဆိုခဲ့ပါတယ်။

“သရုပ်ဆောင်တစ်ယောက် လုပ်တော့မယ်ဆိုတဲ့ အချိန်မှာ Bonanza Production နဲ့ လက်တွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဇာတ်ကားတွေကို သေချာရွေးချယ်ပြင်ဆင်ပြီးမှ ရိုက်ကူးဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်ရိုက်ကူးတဲ့ ဇာတ်ကားတစ်ကားချင်းစီတိုင်းအတွက် ကြိုတင်ပြင်ဆင်တဲ့ အဆင့်မှာလည်း အချိန်တော်တော်လေး ယူခဲ့သလို တကယ်ဖန်တီးတဲ့အခါမှာလည်း အရည်အသွေးရှိတဲ့ ဇာတ်ကားတွေဖြစ်အောင် ကြိုးစားပြင်ဆင်တယ်။ စိတ်တိုင်းကျ အနေအထား တစ်ခုရောက်မှပဲ ပရိသတ်တွေဆီ ပို့ပါတယ်။ ဒါကြောင့် ဇာတ်ကားတွေထွက်တာ အချိန်နည်းနည်းဟတယ်။ ဒါပေမဲ့ တကယ်အရည်အသွေးလေးရှိတဲ့ ဇာတ်ကားကောင်းတွေကို ပရိသတ်တွေ ကြည့်စေချင်တဲ့ စေတနာကြောင့်ပါ” လို့ ခါရာက ရှင်းပြပါတယ်။

ခါရာရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့ ‘Dimension’ ဇာတ်ကားရဲ့ ပိုစတာဒီဇိုင်း၊ ဇာတ်ကားနမူနာတို့ကို မီဒီယာများကတစ်ဆင့် ပရိသတ်များထံ မိတ်ဆက်ခဲ့ရာမှာတော့ စိတ်ဝင်စားမှု များပြားခဲ့ပြီး မကြာခင်ရက်ပိုင်းအတွင်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကား အနေနဲ့လည်း မတူကွဲပြားတဲ့ ဇာတ်လမ်းပုံစံတွေ ထွက်ရှိထားပြီး ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်အောင် ကြိုးစားဖန်တီးထားတာကြောင့် စိတ်ဝင်စား ကြည့်ရှုမှုလည်း များပြားခဲ့တယ်လို့ ဆိုပါတယ်။ ခါရာက အက်ရှင်အသားပေး ဇာတ်ကားဖြစ်တဲ့ Unstoppable လို့ အမည်ရတဲ့ ဗီဒီယိုဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ‘မနေ့ကဖြစ်သည် ၂’ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါကြောင့် ခါရာရဲ့ အနုပညာဖန်တီးမှုတွေကို ဆက်တိုက်လေ့လာ အကဲဖြတ်ခွင့်ရတော့မှာပါ။

ခါရာက ပရိသတ် ရင်ထဲအမြဲတမ်းရှိနေတဲ့ အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်လာအောင် ကြိုးစားသွားမှာဖြစ်ပြီး လိုအပ်ချက်တွေကိုလည်း ပြင်ဆင်ဖြည့်စွက်သွားပါမယ်လို့ ကတိစကားဆိုခဲ့ပါတယ်။ ဒါ့အပြင် မကြာခင် ပထမဆုံး ရုပ်ရှင်ဇာတ်ကား ရုံတင်တော့မှာဖြစ်လို့ အားပေးစေချင်တဲ့အပြင် အားပေးမှုတွေ များလာတာနဲ့အမျှ ခွန်အားတွေရရှိပြီး ပိုမိုကြိုးစားနိုင်မှာပါလို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

မော်ဒယ်တစ်ယောက်အနေနဲ့ ပရိသတ် စတင်သတိထားမိစေခဲ့ပြီး လက်ရှိအချိန်မှာတော့ ထူးခြားတဲ့အနုပညာဖန်တီးမှုတွေနဲ့ ပရိသတ်စောင့်ကြည့်အားပေးရသူ ဖြစ်လာအောင် ကြိုးစားနေတဲ့ ခါရာရဲ့ ငယ်စဉ်ဘ၀ အမှတ်တရပုံရိပ်တွေ၊ လူငယ်တစ်ယောက်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ရာမှာကြုံခဲ့ရတဲ့ အခက်အခဲတွေကို အခုတစ်ပတ် အစီအစဉ်မှာ ဖတ်ရှုခွင့်ရခဲ့မှာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ချစ်ခင်တဲ့ ဘယ်အနုပညာရှင်က ငယ်စဉ်ဘဝရဲ့ အမှတ်တရတချို့ကို လက်ဆင့်ကမ်းပြောကြားပေးမလဲဆိုတာ စောင့်မျှော် ဖတ်ရှုပေးပါဦးလို့ဆိုရင်း အခုတစ်ပတ်မှာ ခေတ္တရပ်နားပါရစေ။

Most Read

Most Recent